ပါကစ္စတန်ရေကြီးမှု လူ ၃၆ဦး သေဆုံး၊ ကျေးရွာပေါင်း ရ၀၀ကျော် ရေလွှမ်းမိုး၊ လူပေါင်း ၂၅၀၀၀၀ကျော် အတိဒုက္ခရောက်နေ

ပါကစ္စတန်ရေကြီးမှု လူ ၃၆ဦး သေဆုံး၊ ကျေးရွာပေါင်း ရ၀၀ကျော် ရေလွှမ်းမိုး၊ လူပေါင်း ၂၅၀၀၀၀ကျော် အတိဒုက္ခရောက်နေ
 
 
 

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးမှုများကြောင့် ပါကစ္စတန်နိုင်ငံတွင် လူ ၃၆ဦးသေဆုံးခဲ့ရပြီး လူပေါင်း ၂၅၀၀၀၀ကျော် ရေဘေးသင့်ခဲ့ကာ မြစ်ချောင်းများ ရေလျှံမှုကြောင့် ကျေးရွာ ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်ဟု သဘာဝကပ်ဘေး စီမံခန့်ခွဲမှုဌာနမှ အရာရှိများက ပြောကြားခဲ့သည်။

ပြင်းထန်လွန်းသည့် ရာသီဥတုကြောင့် နိုင်ငံ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သလို၊ မြောက်ပိုင်း ခိုင်ဘာ ပက်ခတွန်းခဝါပြည်နယ်အတွင်းရှိ ချီထရယ်ခရိုင်တွင်လည်း ဒါဇင်နှင့်ချီသည့် လမ်းများ၊ တံတားများ တိုက်စားမျောပါခဲ့ရသည့်အပြင် ပန်ဂျပ်ပြည်နယ်တောင်ပိုင်းရှိ ကျေးရွာများကိုလည်း ရေလွှမ်းသွားခဲ့သည်ဟု အစိုးရအာဏာပိုင်များက ပြောကြားခဲ့သည်။

အရှေ့တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်နှင့် အရှ့မြောက်ပိုင်း ကက်ရှ်မီးယားဒေသတို့တွင်လည်း ကြက်ငှက်တိရစ္ဆာန်များနှင့် လူများ မျောပါခဲ့သည်ဟု အာဏာပိုင်များက ဇူလိုင်လ ၂၅ရက်နေ့က ပြောကြားခဲ့သည်။

''အခုအချိန်အထိ ကျွန်တော်တို့ရထားတဲ့ သတင်းတွေအရ ချီထရယ်မှာ ၂၆ယောက်၊ ပန်ဂျပ်မှာ ၃ယောက်နဲ့ ဘာလူချီစတန်မှာ ၇ယောက် သေဆုံးခဲ့တယ်''ဟု အမျိုးသား သဘာဝကပ်ဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အာမတ် ခမယ်က ပြောကြားခဲ့သည်။

''ခိုင်ဘာ ပက်ခတွန်းခဝါပြည်နယ်မှာ ကျေးရွာပေါင်း ၃၅၀ နဲ့ ပန်ဂျပ်ပြည်နယ်မှာ ရွာပေါင်း ၄၂၂ရွာ ပျက်စီးသွားခဲ့တယ်''ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် လူပေါင်း ၂၅၀၀၀၀မှာ ရေဘေးသင့်ခဲ့ရပြီး၊ တစ်မိသားစုတည်းမှ မိသားစုဝင် ၈ယောက်မှာ ဇူလိုင်လ ၂၄ရက်နေ့က ၎င်းတို့၏နေအိမ် သန်မာလှသည့် ရေစီးထဲ မျောပါသွားရာတွင် အသက်ဆုံးရှုံးခဲ့ကြရသည်ဟု ခိုင်ဘာ ပက်ခတွန်းခဝါပြည်နယ်မှ အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။    

အခြား မိသားစုလေးဦး တစ်စုမှာမူ ဘာလူချီစတန်ရှိ ခုဇဒါခရိုင်တွင် ၎င်းတို့၏ကားကို ရေစီးကြောင်းက တိုက်ချမျောပါသွားခဲ့သောကြောင့် သေဆုံးခဲ့ရသည်ဟု သဘာဝကပ်ဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

Ref: AFP

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly