မြန်မာနိုင်ငံတွင် လူငယ်များ၏အခန်းကဏ္ဍ နေရာတိုင်းမှေးမှိန်နေသေးဟုဆို

မြန်မာနိုင်ငံတွင် လူငယ်များ၏အခန်းကဏ္ဍ နေရာတိုင်းမှေးမှိန်နေသေးဟုဆို

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရအလုပ်အကိုင်များတွင် လူငယ်များဦးဆောင်သည့်အခန်းကဏ္ဍွ နည်းပါးနေသေးသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုမိုးထက်နေက ဆိုသည်။

လူ့ဘောင်သစ်လူငယ်က ဦးဆောင်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပခဲ့သော “ပျိုမြစ်သူတို့နိုင်ငံတော်” လူငယ်နိုင်ငံရေးဆွေးနွေးပွဲတွင် ပြောသွားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံရေးမှာရော စီးပွားရေး၊နောက် အစိုးရအလုပ်အကိုင်တွေမှာရော လူငယ်တွေကို ကြည့်လိုက်ရင် ဦးဆောင်တဲ့အခန်းကဏ္ဍမှာ သိပ်မတွေ့ရဘူး။ တစ်ကယ်လို့ တွေ့ရတယ်ဆိုရင်လည်း လူငယ်တွေက ဥပမာ လူကြီးတွေအောက်ကို ရောက်သွားတာတို့၊  လူကြီးတွေရဲ့ လမ်းညွန်မှုအောက်ကိုရောက်သွားတာ တွေ့ရတယ်။ အဲဒါက ကျွန်တော်နားလည်တာကတော့ တိုင်းပြည်ရဲ့နှစ်ရှည်ကြာလာတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ဗျူရိုကရေစီ ယန္တရား၊  ဒါတွေနဲ့ဆိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါတွေကို ဖယ်ပေးရမယ်" ဟု ကိုမိုးထက်နေက ပြောသည်။

လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မအိသဉ္ဇာမောင်က လည်း"ကျွန်မအနေနဲ့တော့ လူငယ်တွေ အခန်းကဏ္ဍက နေရာတိုင်းမှာ မှေးမှိန်နေသေးတယ်လို့ ခံစားရတယ်။ လွှတ်တော်ထဲကို ကြည့်လိုက်မယ်ဆိုရင်လည်း လူကြီးတွေချည်းပဲ။ ဘယ်နေရာပဲကြည့်ကြည့် လူကြီးတွေက နေရာယူထားတာ များတယ်။ ပြီးတော့ သူတို့ချမှတ်ထားတဲ့စည်းကမ်းတွေက များတယ်။ ကျွန်မတို့ဘက်က ပြန်ကြည့်မယ်ဆိုရင် တစ်ချို့စည်းကမ်းတွေက အရမ်းကြီးကို ကျွန်မတို့အတွက် မဆန်းသစ်တော့ဘူး။ မလတ်ဆတ်တော့ဘူးပေါ့။ တစ်ချို့စည်းကမ်းဥပဒေတွေက ပြင်ဆင်ရမှာအများကြီးပဲ။ ဟောင်းနွမ်းဆွေးမြေ့မှုတွေထဲမှာပဲ လှောင်ပိတ်နေတာပဲ။ ကျွန်မတို့လူငယ်တွေက အသစ်၊ အသစ်တွေကို ဆာလောင်တယ်" ဟု ပြောသည်။

ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်က မသန်စွမ်းပညာရေးပြောင်းလဲရေး ကိုယ်စားလှယ်ကိုရဲဝင်းကမူ မြန်မာနိုင်ငံကလူငယ်များအနေဖြင့် နိုင်ငံရေးကို စိတ်ပါဝင်စားမှု နည်းပါးနေသေးသည်ဟု ပြောသည်။

"မြန်မာနိုင်ငံမှာ လူငယ်တွေက ဝမ်းရေးအတွက် ရုန်းကန်ရတယ်။ကျောင်းတက်ဖို့လည်း ရုန်းကန်နေရတယ်။ အဲဒီတော့ နိုင်ငံရေးကို စိတ်ပါဝင်စားနေသေးတာတွေ့ရတယ်။   နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆိုတာလည်း အသိုင်းအဝန်းတစ်ခုပဲရှိနေသေးတာ။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူးလို့ ပြောကြတာရှိတယ်။ ဒီလူငယ်တွေ နိုင်ငံရေးမှမလုပ်ရင် ဒီနိုင်ငံက တိုးတက်မှာ မဟုတ်ဘူး" ဟု ကိုရဲဝင်းက သူ့အမြင်ကို ပြောသည်။

ယင်းဆွေးနွေးပွဲတွင်  ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးက ကိုမိုးထက်နေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ချုပ်က ကိုကျော်ဇင်လင်း၊ ပညာရေးစနစ်   ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ယက်က ကိုရဲဝင်းနှင့် လူ့ဘောင်သစ်လူငယ်က မအိသဉ္ဖာမောင်တို့က နိုင်ငံရေးအခန်းကဏ္ဍများတွင် လူငယ်တွေအခန်းကဏ္ဍ မှေးမှိန်နေသေးသည့်အပေါ် အဓိကထားဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly