အနုပညာသမားများနှင့် မူးယစ်ဆေးဝါး မအပ်စပ်ဟု လူမင်း ပြော

အနုပညာသမားများနှင့် မူးယစ်ဆေးဝါး မအပ်စပ်ဟု လူမင်း ပြော
ဓာတ်ပုံ- စိုးသူရ

ဖေဖော်ဝါရီ ၂၅ ။          ။ အနုပညာသမားများအနေဖြင့်  မူးယစ်ဆေးဝါးနှင့် လုံးဝမအပ်စပ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ပြောခဲ့သည်။

လူမင်းက ဖေဖော်ဝါရီလ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် “တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ၏ အခန်းကဏ္ဍ” ဖေ့ဘွတ်ခ်စာမျက်နှာဖွင့်ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

"အနုပညာသမားနဲ့ မူးယစ်ဆေးဝါးဆိုတာက လားလားမှ မအပ်စပ်ပါဘူး။ ကိုယ်တို့ အနုပညာရှင်တွေ ဖြစ်တယ်ဆိုရင်လည်း သာမန်ထက် ဟိုးလေးတကျော်ဖြစ်တတ်ပါတယ်။ အဲဒီတော့ မူးယစ်ကင်းစင်တဲ့ အနုပညာလောကဆိုတာဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေနည်းတူပဲ” ဟု လူမင်းက ပြောသည်။

ထို့ပြင် အနုပညာရှင်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် ကင်းကင်းရှင်းရှင်းရှိရန် ၎င်းက ပြောခဲ့သေးသည်။

 “ ဒီနေရာကနေ ကိုယ်တို့အနုပညာရှင်တွေကို ကြုံတုန်းပြောချင်တာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကင်းကင်းရှင်းရှင်း နေကြဖို့။ ဘာလို့လဲဆိုတော့ ဒီလိုအမှုမျိုးဖြစ်ရင် သာမန်သူတွေထက် ပိုပြီး ကျော်ကြားမှု ဖြစ်ပါတယ်။ ပြည်သူတွေက အနုပညာရှင်တွေကို လေးလေးစားစား အားပေးနေတဲ့အချိန်မျိုးမှာ အနုပညာရှင်တွေအနေနဲ့လည်း အသွားအလာ၊ အနေအထိုင်ကအစ ဆင်ခြင်သင့်တယ်လို့ ကိုယ် ဒီနေရာကနေ ပြောချင်ပါတယ်" ဟု လူမင်းက ပြောခဲ့ခြင်းဖြစ်သည်။

အနုပညာရှင်တစ်ဦးဖြစ်သူ သရုပ်ဆောင်ရဲတိုက်မှာ မူးယစ်ဆေးဝါးမှုနှင့် ထောင်ဒဏ်ကျခံရလျက်ရှိပြီး အနုပညာရှင်အချို့ မူးယစ်ဆေးဝါးသုံးစွဲကြသည်ဟု ပြောဆိုမှုများရှိနေသည်။

အနုပညာရှင်အချို့၏ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်ပြီး  အဆိုတော်တစ်ချို့အပေါ် ဗိုလ်တထောင်မြို့နယ် နေ မသဲဝတီဝင်းညွန့်က သူ့အမြင်ကို ပြောသည်။

"အဓိက အဆိုတော်တွေပေါ့နော်။ သူတို့လည်း သုံးတာတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်အနုပညာရှင်တွေမှ မသုံးသင့်ဘူး။ အနုပညာရှင်ဆိုတာ လူငယ်တွေ အတုယူအားကျနေရသူတွေလေ။ လူငယ်တွေ စံပြဖြစ်အောင် သူတို့ နေသင့်တာပေါ့" ဟု ပြောသည်။

အနုပညာရှင်များ၏ မူးယစ်ဆေးဝါးအမှုများသည် ခေတ်အဆက်ဆက်တွင် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီး ဥပဒေ၏အထက်မှာ အနုပညာရှင်ရှိခွင့်မရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ပြောသည်။

"အနုပညာရှင်နဲ့မူးယစ်ဆေးဝါးဆိုတဲ့ အမှုအခင်းမျိုးက ခေတ်အဆက်ဆက်မှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ ဆိုတော့ အနုပညာရှင်သည်လည်း ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက် ဥပဒေရဲ့အထက်မှာလည်း အနုပညာရှင် မရှိပါဘူး။ သာမန်ပြည်သူများနည်းတူ ဥပဒေကို ဖောက်ဖျက်ခဲ့ရင် အရေးယူခံရမှာပဲ။ ကိုယ်တို့ဘက်ကတော့ ဥပဒေဘောင်အတွင်းကပဲ သက်ဆိုင်တဲ့အပိုင်း ကူညီခွင့်ရသလောက် ကူညီသွားမှာပါပဲ" ဟု လူမင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly