စက်ချုပ်ဆရာမှ ဒီဇိုင်နာဖြစ်လာသူ မေမြတ်ဝါဆို (Happy Heart)

စက်ချုပ်ဆရာမှ ဒီဇိုင်နာဖြစ်လာသူ မေမြတ်ဝါဆို (Happy Heart)

Indonesia Fashion Week 2017 တွင် မြန်မာဝတ်စုံများဖြင့် သွားရောက်ပြသခဲ့သော ဒီဇိုင်နာ မေမြတ်ဝါဆို (Happy Heart) နှင့်တွေ့ဆုံခြင်း အပိုင်း (၂)

မေး -  ဟုတ်ကဲ့။ အစ်မအနေနဲ့ဆိုရင် ဖက်ရှင်လောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံ အဲဒီအကြောင်းလေးတွေလည်း သိချင်ပါတယ်ခင်ဗျ။

ဖြေ - အစ်မ ၂၀၀၀ ခုနှစ်ကပေါ့။ ဆယ်တန်းပြီးသွားကတည်းက ဒီလောကထဲရောက်တယ်။ အဲဒီတုန်းက ဒီဇိုင်နာတော့မဟုတ်ဘူး။ စက်ချုပ်တယ်လို့ပဲ ခေါင်းစဉ်တပ်ရမယ်။ အစ်မအရမ်းဝါသနာပါတော့ အစ်မ သင်တန်းတွေ တက်တယ်။ သင်တန်းတွေတက်တဲ့အခါ အစ်မတို့တုန်းက အခက်အခဲ တအားရှိတယ် မောင်လေး။ သင်တန်းကျောင်းကောင်းကောင်းရယ်မရှိသေးဘူး။ ကိုယ့်ဘက်က Catalogue တစ်အုပ်ရဖို့တောင် မလွယ်ဘူး။ Fashion Catalogue ပေါ့။ Fashion TV တွေထဲကကြည့်ရတယ်၊ နိုင်ငံခြားသွားရင် Oversea ခရီးသွားရင် Catalogue လေးတွေကအစ ဝယ်ရတယ်။ Accessories ပစ္စည်းလေးတွေဆို အတင်းဝယ်ရတယ်။ အဲဒါလေးတွေဆို တော်တော်လေး အခက်အခဲရှိတယ်။ နောက် အစ်မ ၂၀၀၅ ပေါ့ ။ ဘွဲ့ရပြီးသွားတော့ ဒီလမ်းကြောင်းမှာစပြီး လျှောက်မယ်ဆိုတော့ အကုန်လုံးတော်တော်များများက တားတယ်။ အဲဒီတုန်းကဆိုတော့ ဒီဇိုင်နာဆိုတာလည်း မဟုတ်သေးဘူး။ ဒီဇိုင်နာ၊ ဒီဇိုင်နာသာ ကိုယ်ကပြောနေပေမယ့် စက်ချုပ်တယ်အမြင်ပဲပေါ့။ အဲဒီလိုဆိုတော့ ဟိုသွားပါလား။ သူတို့နဲ့ လိုက်တက်ပါလား၊ နင် အဲဒါကြီးလုပ်မှာလား ။ အိမ်ထဲမှာ တစ်ကုပ်ကုပ်နဲ့ အဲဒီလိုတစ်အား တားတာ။ အစ်မမိသားစုကသာ အရမ်းအားပေးတယ်။ ဖေဖေက အပြင်မထွက်စေချင်တာနဲ့ မိန်းကလေးဆိုတော့ အားပေးလို့ ဒီလမ်းကြောင်းမှာ လျှောက်ဖြစ်တာပေါ့နော်။ အစ်မ ၂၀၀၇ မှာ ဆိုင်စဖွင့်ဖြစ်တယ်။ ဆိုင်စဖွင့်ပြီးတော့ ၂၀၁၀ လောက်ပေါ့။ အဲဒီမှာ သင်တန်းတွေ စဖွင့်တယ်။

မေး -  ပြီးတော့ အစ်မရဲ့ဖေဖေကလည်း နာမည်ကြီးစာရေးဆရာတစ်ယောက်ဆိုတော့ အစ်မအနေနဲ့ စာမရေးဖြစ်ဘဲနဲ့ ဖက်ရှင်လောကထဲကို ခြေစုံပစ်ပြီးတော့ ဝင်ဖြစ်ပုံလေးကိုသိချင်ပါတယ်ဗျ။

ဖြေ - ဖေဖေကလည်း စာရေးဆရာမတစ်ယောက်တော့ ဖြစ်စေချင်မှာပဲနော်။ ကိုယ်ကကြတော့ စာဖတ်တာ အရမ်းဝါသနာပါတယ်။ ဒါပေမယ့် ရေးဖို့တော့ လုံးဝ ပါရမီမပါဘူး ထင်တယ်၊ ဘယ်လိုမှမရေးတတ်ဘူး။ အဲဒါဆိုတော့ ဒီဟာကငယ်ငယ်လေးတည်းက မိန်းကလေးဆိုတော့ ဝါသနာပါတာက အလှအပနဲ့ အချုပ်အလုပ်ကတော့ ဝါသနာပါတယ်။ ငယ်ငယ်တည်းကအိမ်မှာ စက်ကရှိနေတော့ အစ်မတွေနဲ့နေလာတော့ ပိုဆိုးတယ်၊ အစ်မတွေက သင်တန်းတွေခေါ်သင်၊ ဆရာမတွေနဲ့ခေါ်သင်ဆိုတော့ လုံးဝဒါကိုတွေ့နေမြင်နေတော့ ငယ်ငယ်လေးတည်းကချုပ်နေပြီ။ ဝတ်လိုက်လို့ရှိရင် ကြိုက်တယ် အဲဒီလိုမျိုးပေါ့ စက်ချုပ်ဆိုင်ဆို အကြာကြီးသွားစောင့်နေရတယ်။ အဲဒီလိုမျိုး မစောင့်ချင်ဘူး၊ ချက်ချင်းချုပ် ချက်ချင်းဝတ် အဲဒီလိုမျိုးဆိုတော့ ကိုယ်က ဒီဘက်ကိုအရမ်းကို ဝါသနာပါနေတယ်။ စာရေးတာက ကိုယ်ကိုယ်တိုင်လည်း အရမ်းရေးချင်တယ်။ ဒါပေမယ့် အဲဒီလိုအရမ်းကြီးမရေးတတ်ဘူး။ အဲဒီလိုဆိုတော့ ဖတ်တာအနေနဲ့ပဲ ဝါသနာပါတယ်။ အခုတော့ ဂျပန် မြန်မာ စာစောင် အပတ်စဉ်ပေါ့ စာလေးရေးပေးပါ၊ A4 နဲ့တစ်ဝက်လောက်ပေါ့နော်၊ အဲဒီလိုမျိုးဆိုတော့ ကြိုးစားပြီးတော့ရေးပေးမယ်လို့၊ သူတို့ကလည်း အစ်မက စာရေးဆရာသမီးပဲတဲ့ ရေးပါတဲ့ အဲဒီလိုဆိုတော့ အင်းပါလို့ ဒီဇိုင်းနဲ့ပတ်သက်တဲ့ဟာလေးတွေဆိုတော့ ရေးမယ်လို့ ကြိုးစားကြည့်မယ်လို့ပြောထားတယ်။

မေး -  အခုနကပြောသလိုပေါ့၊ အစ်မဖက်ရှင်ဒီဇိုင်းလောကထဲကို စတင်ဝင်ရောက်တဲ့အချိန်မှာ အစ်မရဲ့သူငယ်ချင်းတွေက တားကြတယ်။ အိမ်ထဲမှာ ကုပ်နေရမယ်တို့ဘာတို့ အဲဒီလိုတားကြတဲ့အချိန်မှာ အစ်မအနေနဲ့ ဖက်ရှင်လောကကို ဆက်ပြီးတော့လုပ်ဖို့ တွန်းအားပေးတဲ့အရာဆို ဘာဖြစ်မလဲ။

ဖြေ - တော်တော်လေးခက်ခဲတယ်မောင်လေး။ ခက်ခဲတယ်ဆိုတာ သူငယ်ချင်းတွေကလည်း အားမပေးဘူး ၊ မိသားစုတစ်ခုလောက်ပဲအားပေးတာပေါ့နော်၊ တကယ်တော့လည်းဟုတ်ပါတယ်၊ သူတို့ပြောသလို စက်ချုပ်သလိုပါပဲ၊ စက်ချုပ်တယ်ဆိုတာပဲ ဖြစ်နေတယ်၊ ဒီဇိုင်နာဆိုတာ လောလောဆယ်ခေတ်မစားသေးတဲ့ အခါကြတော့ ကိုယ်ကိုယ်တိုင်ကကျတော့ Customer တွေနဲ့ပဲ ကျင်လည်တယ်၊ နောက် အစ်မဆိုင်စဖွင့်တော့ ဆိုင်ဖွင့်ပွဲနေ့မှာ ဒီမဂ္ဂဇင်းတွေပေါ့ အဲဒါကလည်း အစ်မဖေဖေကသိတော့ သူတို့ကဆရာ့သမီးလေးဆိုပြီး လာကြတယ်။ သူတို့ဘက်ကလည်း စစချင်းဆို အစ်မမှတ်မိတာက သရဖူမဂ္ဂဇင်းပေါ့၊ အဲဒီကအစ်မကြီးတွေက သူတို့အတွက် Summer စတိုင် လုပ်ပေးပါ၊ ဝတ်စုံပေါ့ ချောရတနာအတွက် အဲဒါလေးစပြီးတော့ ၆ စုံလား မသိဘူး စလုပ်ဖြစ်တယ်၊ အဲဒါကစပြီးတော့ ဒီလောကထဲဝင်လာတာပေါ့နော်၊ နောက် စာနယ်ဇင်းတွေနဲ့ အကုန်သိ မဂ္ဂဇင်းတိုက်တွေနဲ့သိပြီးတော့ တစ်စတစ်စအကုန်လုံးပေါ့နော်၊ အဲဒါလေးတွေနဲ့ တောက်လျှောက်ဝင်လာရာကနေ ကိုယ်နဲ့သိသွားတယ်။ အဲဒီစာအုပ်ထဲမှာပါလာရင် အရမ်းပျော်တာပေါ့နော်။ အဲဒါလေးတွေက ကိုယ့်အတွက် အားဖြစ်စေတယ်။ အဲဒါလေးတွေနဲ့ပဲ ဒီလောကထဲ တဖြည်းဖြည်း ရောက်လာတာပေါ့နော်။

မေး - ပြီးတော့ အစ်မအနေနဲ့ ဖက်ရှင်လောကထဲကို စတင်ဝင်ရောက်တုန်းက အစ်မရဲ့လက်ဦးဆရာက ဘယ်သူတွေလဲဆိုတာ သိချင်ပါတယ်ဗျ။

ဖြေ - တီချယ်ဒေါ်သီတာဝင်းက အစ်မ Basic တက်ဖူးတယ်။ နောက် Boundary က ဆရာမတွေက အစ်မ ဆယ်တန်းပြီးပြီးချင်း တက်တယ်ဆိုတော့ တကယ့်ကိုလက်ဦးဆရာတွေပါ။ Boundary ကအခြေခံဆိုပေမယ့် တော်တော်လေးကိုတက်စေတယ်။

မေး - နောက်တစ်ခုကကျတော့ အစ်မရဲ့နာမည်ပေါ့။ ဒီဇိုင်နာမေမြတ်ဝါဆို ဆိုတဲ့နောက်မှာ Happy Heart ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကိုသိချင်ပါတယ်ဗျ။

ဖြေ - ခေါ်ရလည်းလွယ်မယ်။ ခက်ခက်ခဲခဲလည်းမဟုတ်ဘူးဆိုတော့ ညီအစ်မတွေတိုင်ပင်ပြီးတော့ တစ်ယောက်တစ်လုံး ဟိုပေးဒီပေးနဲ့ပဲ ဆိုင်နာမည်လေး ဖြစ်သွားတာမောင်လေး။

မေး - ဟုတ်ကဲ့၊ အစ်မအနေနဲ့ ပြသခဲ့ဖူးတဲ့ ပြည်တွင်းပြည်ပ ပြပွဲလေးတွေလည်း သိချင်ပါတယ်ခင်ဗျ။

ဖြေ ။       ။ ပြည်တွင်းမှာတော့ အမတော်တော်လေးများနေပြီပေါ့နော်။ ကိုဂျွန်လွင် Fashion Week ပွဲတွေလည်း အစ်မပါတယ်။ အမျိုးသမီးရေးရာပွဲတွေလည်းပါတယ်။ 2016 မှာဆို တော်တော်လေးများတယ်။ မန္တလေးတို့ နေပြည်တော်တို့ နောက် Music for Myanmar တို့ Novotel တို့ Wedding ပွဲတွေလည်းပြတယ်။ ပြည်တွင်းမှာတော့ MFDG က လုပ်တဲ့ပွဲတွေလည်း တော်တော်များများပြတယ်။ ပြည်ပမှာတော့ သုံးပွဲပေါ့။ ဒီအင်ဒိုနဲ့ဆို အစ်မက သုံးပွဲရှိပါပြီ။

မေး - မြန်မာနိုင်ငံက ဖက်ရှင်ဒီဇိုင်နာတွေအနေနဲ့ နိုင်ငံတကာက ဖက်ရှင်ဒီဇိုင်နာတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဘာတွေလိုအပ်မယ်လို့ အစ်မအနေနဲ့ထင်ပါသလဲဗျ။

ဖြေ - သူတို့နဲ့ရင်ဘောင်တန်းနိုင်ဖို့ဆို ကိုယ့်ရိုးရာ ကိုယ့်ဟာကိုဖော်ထုတ်နိုင်မှသာ ရင်ဘောင်တန်းနိုင်မယ် မောင်လေး။ ကချင်မိတ်တို့၊ ကချင်ဆင်တို့ ၊ ချင်းဆင်တို့ သူတို့အရမ်းကြိုက်တယ်။ ဘာလို့လဲဆို သူတို့အတွက်လည်း ဆန်းတယ်။ အဲဒီလိုမျိုးပေါ့ အဲဒါဆိုလို့ရှိရင် ကိုယ်တွေက ဒါကိုပဲ ပြတာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ဒီ Brand တွေရောင်းတဲ့သူတွေရော  ဘာတွေရော အဲဒါဆိုရင် များများ ကိုယ့်နိုင်ငံအတွက် Promote လုပ်နိုင်မယ်။ Promote လုပ်နိုင်ရင် အရမ်းအဆင်ပြေတယ်လို့ အစ်မတော့ အကြံပေးချင်တယ်မောင်လေး။ အဲဒါမှပဲ ရင်ဘောင်တန်းနိုင်မယ် မောင်လေး။

မေး - နိုင်ငံတစ်နိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုကို ပြသတဲ့နေရာမှာ ဖက်ရှင်ဒီဇိုင်နာတွေအနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေဆိုရင်ရော ဘာတွေဖြစ်မလဲဗျ။

အခက်အခဲကတော့ အစ်မခုနက ပြောသလိုပေါ့။ အစ်မတို့ နိုင်ငံခြားမှာသွားပြတဲ့အခါမှာ လူတိုင်း မသိရဘူး၊ အဲဒီလူက ဖြူသလား၊ မည်းသလားတောင် မသိရဘူးပေါ့။ ဟောင်ကောင်တုန်းကတော့ သူတို့ပုံတွေ အများကြီးပို့တော့ အစ်မတို့သိရတယ်၊ အခု အင်ဒိုကျတော့ ဟိုရောက်တော့မှသိရတယ်ပေါ့နော်။ အဲဒီအခက်အခဲလေးတွေရှိမယ်။ နောက်တစ်ခုက ပြင်ဆင်တဲ့အပိုင်းပေါ့ ပြင်ဆင်တဲ့အပိုင်းကကျတော့ ကိုယ်က ကိုယ့်မြန်မာဆိုတဲ့ဟာကို အများကြီးပဲလုပ်သွားချင်တယ်။ အဲဒီအတွက်တော့ ကိုယ်တော့ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ်မြန်မာဆိုတာကို ဟိုမှာ တကယ်သိခဲ့ရတယ်။ အဲဒါလေးတစ်ခုကတော့ အပင်ပန်းခံပါလို့ပဲ ပြောချင်ပါတယ်။

မေး - ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စုံကလည်း အရမ်းလှတယ်လေ။ အဲဒီဝတ်စုံတွေကို ဘယ်လိုမျိုးဆက်ပြီးတော့ ဖော်ထုတ်သင့်တယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ - ဟုတ်။ တော်တော်လေးဖော်ထုတ်သင့်တယ်မောင်လေး။ အခုဆိုရင် ကချင်ဒီဇိုင်း၊ ကချင်မိတ်ဆိုတာ ကိုယ့်ဆီကလာပေမယ့် သူတို့ဒီဇိုင်းလိုတောင်ဖြစ်ချင်နေပြီ။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာလည်း ကချင်မိတ်ဆိုတာ ပြနေကြတာမျိုးပေါ့နော်။ ချိတ်ဆိုအခုဆို ကိုယ်တွေက ပြန်ငြင်းနေရတယ်။ သူတို့ကလည်း ချိတ်က သူတို့ဆီမှာရှိတယ်လို့ပြောနေကြတယ်။ အင်းလေးဇင်းမယ်ဆိုရင်လည်း အစ်မတို့ဆီမှာ ဟိုးအရင်ကတည်းက ရှိတယ်။ ဒါပေမယ့် ယိုးဒယားကလည်း ယိုးဒယားဇင်းမယ်ကလှတယ်၊ ဆန်းတယ် အဲဒီလိုဖြစ်နေတယ်။ အဲဒါလေးတွေဆိုရင် အခုအငြင်းအခုံဖြစ်နေတယ်။ ကိုယ်ကလည်း ကိုယ့်နိုင်ငံကဟာလေးကို ပြနိုင်မှသာ၊ အမှန်တော့ ဒီဇိုင်နာတွေပြနိုင်ရင် ပိုပြီးထိရောက်တယ်ပေါ့။ အဲဒီလိုမျိုးတော့ လုပ်သင့်တယ်လို့ထင်တယ် မောင်လေး။

မေး - ဒီအစီအစဉ်ရဲ့နောက်ဆုံးမေးခွန်းအနေနဲ့ မြန်မာနိုင်ငံက ဖက်ရှင်လောကကို စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက် ဆယ်စုနှစ်တစ်စုကြာရပ်တည်ခဲ့တဲ့ အစ်မရဲ့အကြံဉာဏ်စကားလေးကို ကြားချင်ပါတယ်ဗျ။

ဖြေ - ဒီဇိုင်နာဝါသနာပါတဲ့ သူတိုင်း ဒီဇိုင်နာအလုပ်ကို ဇောက်ချလုပ်ပါလို့ အကြံဉာဏ်ပေးချင်ပါတယ်။ နောက် အခုခေတ်ကလည်း အရမ်းကို ပွင့်လင်းမြင်သာရှိတဲ့ခေတ်လည်း ဖြစ်လာပြီ။ ဒီဖက်ရှင်ရေစီးကြောင်းကလည်း တအားပေါ့နော် တကယ်ကိုခေတ်မှီပြီးတော့ ဒီနေ့နဲ့မနက်ဖြန်ရဲ့ up to date ကတကယ်ကို အတူတူပဲ ဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ဘက်ကနေ လုံ့လဝီရိယစိုက်ဖို့ပဲလိုတယ်။ ကျန်တာအားလုံးကတော့ သင်တန်းကျောင်းဆို သင်တန်းကျောင်းအဆင်သင့်ရှိတယ်။ သင်တန်းကျောင်းတွေ အကုန်လုံးရှိတယ်ဆိုတော့ ကိုယ့်ဘက်က ကြိုးစားအားထုတ်ဖို့ပဲလိုတယ်။ နောက်အရောင်ဆက်တာလေးကအစ အသေးစိပ်ပေါ့ ကိုယ် ဒီဇိုင်နာလုပ်တော့မယ်ဆိုရင် အစအဆုံး ထဲထဲဝင်ဝင်လေ့လာပါ။ လုပ်ပါ။ ဒီဇိုင်နာဆိုတာကြီးကိုပဲ လုပ်ချင်လို့မဟုတ်ဘဲ တကယ့်ကို ဟိုးအတွင်းကနေစပြီးတော့ သိအောင် တတ်အောင် ကိုယ်ကိုယ်တိုင်လဲ ဆရာပြန်လုပ်လို့ရအောင် လုပ်ပါလို့ အစ်မ အကြံဉာဏ်ပေးချင်ပါတယ်။

အပိုင်း (၁ ) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/23925

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly