ကေအိုင်အိုက အပစ်ရပ်စာချုပ်-NCA ကို ခိုင်မာတဲ့အနေအထားနဲ့ လက်မှတ်ထိုးဖို့ မျှော်လင့်

ကေအိုင်အိုက အပစ်ရပ်စာချုပ်-NCA ကို ခိုင်မာတဲ့အနေအထားနဲ့ လက်မှတ်ထိုးဖို့ မျှော်လင့်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများ၊ အကူအညီရရှိမှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် လာမည့် ရွေးကောက်ပွဲအပေါ် ကေအိုင်အို၏ သဘောထားများ သိရှိစေရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင်၊ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သူ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို မဇ္ဈိမက အီးမေးဖြင့် ဆက်သွယ်မေးမြန်းထားသည်။ 

မေး။ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေတပ်တွေနဲ့ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသဘက်မှာ ဘာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တာလဲ။
ဖြေ။ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသ (KIA) ရဲ တပ်မဟာ ၁ တွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အစိုးရ စစ်ကြောင်းတွေ တိုးလာတယ်။ လှုပ်ရှားလာတယ်။ အဲဒီလိုနဲ့ တိုက်ပွဲတွေ စပြီး ဖြစ်လာရပါတယ်။

မေး။ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀၀၀ လောက် ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရတယ်။ အခုသူတို့ကို ဘယ်နေရာရောက်ပြီး ဘယ်လို အခက်အခဲတွေ ရှိနေတယ်လို့ သိရလဲ။
ဖြေ။ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တစ်ချို့က တောထဲမှာ တစ်ချို့က မြို့ပေါ်ရောက်လာတယ်။ တချို့လူတွေကို အကူအညီပေးလို့ မရနိုင်သေးဘူး။ ကြိုးစားနေတုန်းပါ။

မေး။ ဗိုလ်ချုပ်က Senier deligation -SD မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေတယ်။ ဘာကြောင့် ရန်ကုန် ဆွေးနွေးပွဲတွေမှာ မတက်ရောက်နိုင်ခဲ့တာလဲ။ SD ရဲ့ ချင်းမိုင်ဆွေးနွေးပွဲမှာလည်း ဘာကြောင့် မတက်ရောက်ခဲ့တာလဲ။
ဖြေ။ ချင်းမိုင်မှာ SD ပထမအကြိမ်ဆွေးနွေးပွဲမှာ တက်ပါတယ်။ ကြိုတင်ပြင်ဆင်ထားပြီး ပျက်ကွက်လို့မရတဲ့ အစည်းအဝေးတွေရှိနေလို့ ရန်ကုန်ဆွေးနွေးပွဲ မတက်ဖြစ်တာပါ။ KIO ရဲ့ အတွင်းရေးမှူး ကိုယ်တိုင် SD မှာ ခေါင်းဆောင်အဖြစ် ပါဝင်နေတာမို့လို့လည်း ဖြစ်ပါတယ်။

မေး။  ကေအိုင်အိုမှာက NCA ကို လက်မှတ်ရေးထိုးချင်တဲ့ အဖွဲ့နဲ့ မထိုးချင်တဲ့အဖွဲ့ နှစ်ဖွဲ့ရှိတယ်ဆိုပြီး ပြောဆိုသံတွေ ကြားနေရတယ်။ အဲဒါ ဟုတ်ပါသလား။ အဲဒီမှာ ဗိုလ်ချုပ်က လက်မှတ်မထိုးချင်သေးဘူးဆိုပြီး ပြောနေကြတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ KIO မှာ တစ်ဦးချင်းရဲ့ သဘောထားတွေက အဓိက မကျပါဘူး။ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ အဓိကထားပါတယ်။ KIO ကတော့ NCA ကို ခိုင်မာတဲ့ အနေအထားနဲ့ လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

မေး။ အစိုးရက အပစ်ရပ်လက်မှတ်ထိုးဖို့ အရမ်းအားသန်နေတယ်။ KIOကလည်း အပစ်ရပ်လက်မှတ်ထိုးမယ်လို့ ပြောထားတယ်။ ဆိုတော့ NCA လက်မှတ်ထိုးဖို့ ဒီအစိုးရလက်ထက်မတိုင်ခင် ဖြစ်နိုင်လား။ ဒီတကြိမ်ဆွေးနွေးပွဲမှာ NCA အချောသတ်နိုင်ပါ့မလား။
ဖြေ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့ ၂၁ ဖွဲ့ရှိပါတယ်။ NCCT အဖွဲ့ဝင်ကတော့ ၁၆ ဖွဲ့ပါ။ အားလုံးပါဝင်နိုင်ရင် အကောင်းဆုံးဖြစ်ပါမယ်။ အားလုံး မပါဝင်နိုင်ဘူးဆိုရင် အစိုးရက ဘယ်လို အစီအမံတွေ လုပ်ထားသလဲဆိုတာ ဆွေးနွေးရဦးမှာပါ။ ရန်ကုန်ဆွေးနွေးပွဲရလဒ်တွေကတော့ SD အဖွဲ့တွေ ပြန်ရောက်မှ သေချာသိရမှာပါ။
 
NCA လက်မှတ်ရေးထိုးနိုင်မယ့် အချိန်ကတော့ အစိုးရနဲ့ ဘယ်လောက် ညှိနှိုင်းလဲ၊ ဘယ်လောက် နားလည်မှုရလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
 
မေး။  နောက်တစ်ခုက လာမယ့် နိုဝင်ဘာ ၈ရက်မှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွတ်လပ်မယ်၊ တရားမျှတမယ်ထင်လား။  လတ်တလောမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း အရေးကြီးတဲ့ ပုဒ်မတွေကို မပြင်တဲ့အပေါ်မှာ ဘယ်လို သဘောထားရှိပါသလဲ။
 
ဖြေ။  ၂၀၁၅ ရွေးကောက်ပွဲကလည်း နိုင်ငံအတွက် အရေးပါတဲ့ ဖြတ်သန်းမှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်စဉ် တစ်ခုအနေနဲ့ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ မထားပါဘူး။ ၂၀၀၈ ရဲ့ တင်းကျပ်တဲ့ အစီအမံတွေကို ပြင်ဆင်နိုင်မယ့် အနေအထး မတွေ့ရသေးတော့ ခက်ပါတယ်။

မေး။ အခု NLDပါတီကို ၈၈ခေါင်းဆောင် ကိုကိုကြီးတို့၊ ရန်ကုန်၊ မန္တလေး တက္ကသိုလ် ပါချုပ်ဟောင်းတို့လို နိုင်ငံရေး နဲ့ ပညာရေးလောကက နာမည်ကြီးသူတွေ လူတော်တွေ ဝင်လာကြတာ တွေ့ရတဲ့ အဲဒီ့အပေါ် သူ့အနေနဲ့ဘယ်လိုမြင်လဲ။
ဖြေ။ NLD မှာ အရည်အချင်းရှိတဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ လူတော်လူကောင်းတွေ၊ အများလေးစားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာတာကတော့ ကောင်းမွန်တဲ့ ကိစ္စပါ။ ကြိုဆိုပါတယ်။

မေး။  ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်ကို ဘယ်လို မျှော်လင့်ချက်ရှိလဲ။
ဖြေ။ ရွေးကောက်ပွဲတွေကို စောင့်ကြည့်ရအုန်းမှာဆိုတော့ အစိုးရအသစ်ကို မခန့်မှန်းတတ်သေးပါဘူး။ ပြည်သူက တကယ်ရွေးချယ်လိုက်တဲ့ အစိုးရ တက်လာနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

မေး။ သမ္မတက သူ့လက်ထက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးချင်တယ်ဆိုပြီး ပြောဆိုထားတာရှိတယ်။ ဒီဆွေးနွေးပွဲကနေ လက်မှတ်ရေးထိုးနိုင်မလား။
ဖြေ။ လက်ရှိ အစိုးရကတော့လက်မှတ်အမြန်ထိုးချင်တယ်လို့ အမြဲပြောနေတာပါ။ ကျွန်တော်တို့ကလည်း NCA ရဲ့ ခိုင်မာမှု၊ ရှေ့လုပ်ငန်းစဉ်များကို အမြဲသုံးသပ်ရပါတယ်။ NCA အတွက် ဆွေးနွေးနေတာကိုက လက်မှတ်ထိုးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ NCA ကို ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် မျက်စိမှိတ်ပြီး ထိုးရမယ်လို့တော့ မယူဆစေချင်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly