ဦးကိုနီ လုပ်ကြံခံရမှုတွင် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေး အရေးကြီးနေ

ဦးကိုနီ လုပ်ကြံခံရမှုတွင် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေး အရေးကြီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံမှု၏ နောက်ဆက်တွဲများ ဖော်ထုတ်နိုင်ရန် ဒုဗိုလ်မှူးကြီးဟောင်း   အောင်ဝင်းခိုင်အား အမြန်ဆုံးဖမ်းဆီးနိုင်ရန် အရေးကြီးသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေ ပြောသည်။

အဆိုပါအမှုတွင် တိမ်းရှောင်နေသော အောင်ဝင်းခိုင်မှာ သေနတ်သမားကြည်လင်းအား ငွေပေးလုပ်ကြံရန်စေခိုင်းခဲ့သူ အောင်ဝင်းဇော်၏ ညီတော်စပ်သူဖြစ်ပြီး ၎င်းမှာ ၂ဝ၁၅ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လျှက်ရှိသော တရားခံအောင်ဝင်းခိုင်အားတွေ့ရစဉ်။ ဓာတ်ပုံ-Myanmar President Office

ဦးကိုနီလုပ်ကြံခံရမှုတွင် ဆက်လက်ဖော်ထုတ်သွားရမှာဖြစ်သောကြောင့် အောင်ဝင်းခိုင်အား ဖမ်းမိရေး အရေးကြီးကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောသည်။

“ ဦးကိုနီရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ။ ဦးကိုနီလုပ်တာကို သူတို့အဖွဲ့တွေက မကျေနပ်လို့ လုပ်တာ လား။ တပ်မတော်နဲ့ အစိုးရကြားမှာ ပြဿနာဖြစ်အောင်လုပ်ချင်လို့လား။ တပ်မတော်နဲ့   ပြည်သူကြားမှာ ပြဿနာဖြစ်အောင်လုပ်ချင်လို့လား။ ဒီအချက်အလက်တွေ စဉ်းစားစရာတွေ ကိုယ့်မှာအများကြီးပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒါရပ်ထားလို့မရပါဘူး။ စဉ်ဆက်မပြတ် ကျွန်တော်တို့မှာ စုံစမ်းသွားရမှာ။ ဆက်လက် ဖော်ထုတ်သွားရမှာ။ အဲ့ဒါကြောင့် အောင်ဝင်းခိုင်ကို ရဖို့ အရေးကြီးပါတယ်။ ဒါအတွက်လည်း တပ်မတော်နဲ့ ပူးပေါင်း ပြီးတော့ ဆောင်ရွက်ထားတာရှိတယ် ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေကပြောသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် သေနတ်သမားကြည်လင်းအား အဓိက ငွေပေးစေခိုင်းသူများမှာ ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင်တို့ဖြစ်ပြီး ဇေယျာဖြိုးအား ဖေဖော်ဝါရီ လ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကာ လက်ရှိတွင် အောင်ဝင်းခိုင် လွတ်မြောက်နေခြင်းဖြစ်သည်။

အောင်ဝင်းခိုင်က ဦးကိုနီကို သတ်ရန် ကြိုတင်ငွေအဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အစ်ကိုဖြစ်သူ အောင်ဝင်းဇော်အား ကျပ်သိန်း ၄ဝဝ ပေးခဲ့ပြီး ထပ်မံငွေလိုအပ်သဖြင့်  အောင်ဝင်းခိုင်က   ဇေယျာဖြိုးကို ပြောခဲ့ကြောင်း၊ ထို့ကြောင့် ဇေယျာဖြိုးက သြဂုတ်လ ဒုတိယပတ်ခန့်တွင် အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁,ဝဝဝ ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အောင်ဝင်းခိုင်အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အောင်ဝင်းခိုင်၏ ဓာတ်ပုံနှင့် အချက်အလက်များကို တိုင်းနှင့်ပြည်နယ် အားလုံးသို့ ဖြန့်ဝေစုံစမ်းနေသည့်အပြင် နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့များသို့လည်း ပေးပို့ကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly