ဦးကိုနီအား လုပ်ကြံရန် နဂါးလေးက လက်ခံခဲ့ဟု ဆို

ဦးကိုနီအား လုပ်ကြံရန် နဂါးလေးက လက်ခံခဲ့ဟု ဆို

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅  ။                    ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံရန် မူးယစ်ဆေးဝါးမှု၊ လုယက်မှုဖြင့် ဖမ်းဆီးခံထားရသည့် နဂါးလေး(ခ) အောင်နိုင်မြင့်က ကျပ်သိန်း၂ဝဝ နှင့် လိုင်စင်မဲ့ကားတစ်စီးဖြင့် သဘောတူလက်ခံခဲ့သူဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောသည်။

၂ဝ၁၆ ခုနှစ်၊ မေလခန့်တွင် အောင်ဝင်းဇော်က ဘီးလင်းမြို့နယ်၊ တောင်စွန်း ရဲဘက်စခန်းတွင် ရင်းနှီးခဲ့သူ နဂါးလေး(ခ) အောင်နိုင်မြင့်ထံကို ဆက်သွယ်တွေ့ဆုံကာ ဦးကိုနီအား ဓား(သို့) စကေဘာဖြင့် လုပ်ကြံရန် ညှိနှိုင်းခဲ့ပြီး ကျပ်သိန်း၂ဝဝ နှင့် လိုင်းစင်မဲ့ကား တစ်စီးဖြင့် သဘောတူခဲ့ကြောင်း ရဲချုပ်ဇော်ဝင်းက ပြောသည်။

“ ၃ ရက်လောက်အကြာမှာတော့ နဂါးကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကျပ်သိန်း ၂ဝဝ ကျပ်နဲ့ Online က မှာယူထားတဲ့ ကျပ် ၆၄ သိန်းတန် Nissan X – Tail မိုးပြာရောင် လိုင်းစင်မဲ့ကားတစ်စီးကို ပေးပြီး ခိုင်းခဲ့ပေမယ့် အဆင်မပြေဘဲနဲ့ နဂါးက ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်” ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့် အမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ၊ ရန်ကုန်မြို့ မူးယစ်ဆေးဝါးပြတိုက်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နဂါးလေး(ခ) အောင်နိုင်မြင့်ဆိုသူမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊၂ဝ ရပ်ကွက်တွင် မူးယစ်ဆေးဝါးမှု၊ လုယက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှု တပ်ခွဲမှု ခင်းအကူဌာနစုတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့သူဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း မင်းဘူးမြို့အမှတ်(၄) ရပ်ကွက်၊ မကျီးချောင်းရပ်ရှိ အိမ်အမှတ်(၁၂၄၄) တွင် ဖမ်းဆီးရရှိခဲ့သူဖြစ်သည်။

လက်ရှိတွင် နဂါးလေး (ခေါ်)အောင်နိုင်မြင့်အား ယ(ပ)၁၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း (ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂အမှုမှ တရားခံပြေးအဖြစ် အမှုဖွင့်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly