စည်ကားသိုက်မြိုက်လှတဲ့ ယနေ့ ဟင်္သာတမြိ့ (အပိုင်း ၂ )

25 February 2017
စည်ကားသိုက်မြိုက်လှတဲ့ ယနေ့ ဟင်္သာတမြိ့ (အပိုင်း ၂ )

ဦးမြင့်သိန်းဦး

ဒေသခံ စီးပွားရေးလုပ်ငန်းရှင်

တစ်နေ့တာဆိုရင် ကျနော်တို့ နွေရာသီမှာ ဆန်စပါးနဲ့ပဲမျိုးစုံ ပေါ်တဲ့ရာသီဆိုရင် ဟင်္သာတဆိပ်ကမ်း စက်လှေတွေနဲ့ဝင်လာတဲ့ကုန်က တစ်တင်းခွဲအိတ်က ပိင်္သာ ၃၀ အိတ် အရေအတွက်က တစ်သောင်းအပေါ်မှာ ရှိပါတယ်။ တစ်သောင်းခွဲလောက်ရှိပါတယ်။ ဒါက ဝင်လာတဲ့ပစ္စည်း။ အဲဒီကနေမှ နွေရာသီအသုံးအဆောင် ဒီကပြန်ဝယ်မယ်ပေါ့။ သွပ်၊ ဘိလပ်မြေ၊ ဒါတွေပြန်ဝယ်ကြတယ်။ အခုလို မိုးရာသီကြတော့ စိုက်ပျိုးရေးပစ္စည်းတွေပေါ့။ ဥပမာ ဓါတ်မြေသြစာ။ ဒါတွေပြန်ဝယ်မယ်။ ဒါကြောင့်မို့ ဟင်္သာတမြို့ဟာ အချက်အချာကျတဲ့နေရာတစ်ခုပါ။

မဇ္ဈိမ

နောက်တော့ ငါးဖမ်းလုပ်ငန်းခွင်တစ်ခုကိုလည်း သွားရောက်လေ့လာခဲ့ပါသေးတယ်။ ဒီမှာက မြစ်ကိုမှီပြီး ငါးရှာဖါးရှာတာအပြင် မြစ်ထဲက သဲနဲ့ကျောက်စလစ်ခဲ တူးဖေါ်တဲ့လုပ်ငန်းတွေကိုလည်း လုပ်ကြပါသေးတယ်။ ကိုင်းတွေကျွန်းတွေအပေါ်မှာလည်း ကိုင်းသီးနှံတွေ စိုက်ပျိုးကြပါတယ်။ ဒိုင်းဝန်းလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီးကြီးတစ်ယောက်က အလုပ်လုပ်ကိုင်ပုံကို အခုလို ရှင်းပြပါတယ်။

ဒိုင်းဝန်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးကြီးတစ်ဦး

ဒိုင်းဝန်းကို ဆင်ထားလိုက်တယ်ဆိုရင် တနေ့ကို သူက တောက်လျှောက် လူနဲ့ပဲဖေါ်နေရတာပေါ့။ ညဘက်ကြတော့လည်း ထဖေါ်နေရတာပဲ။ တစ်ယောက်တစ်လှည့် တလှည့်စီအိပ်ပြီး ထဖေါ်နေကြရတာပဲ။ ဒီမှာ အများစု ဖေါ်လိုဖမ်းလို့ရတဲ့ ငါးကတော့ ငါးနုစန်း၊ ငါးဘတ်ပါပဲ။ ဈေးကောင်းရတဲ့ ငါးတွေပါပဲ။

မဇ္ဈိမ

တနေ့လုံးငါးဖမ်းလို့ရတဲ့ ငါးတွေကို ဟသာၤတမြို့ပေါ်တက်ပြီး ရောင်းကြပါတယ်။ မြစ်ထဲက ပိုက်တစ်ခုဖေါ်မယ်ဆိုရင် တစ်ကြိမ်ကို ငါး ၂၀ သားဝန်းကျင်လောက်ရတယ်လို့သိရပါတယ်။ တစ်နာရီကို နှစ်ကြိမ်သုံးကြိမ် ပိုက်ချပိုက်ဆယ်ရတဲ့အလုပ်က တစ်နေ့ကို ငွေကျပ် ၁ သောင်းကျော်ဝန်းကျင်ရတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ငါးလုပ်ငန်း လုပ်ကိုင်စားသောက်နေထိုင်သူ တချို့က   ဒေသခံများမဟုတ်ကြဘဲ အညာတခွင်က လာရောက်လုပ်ကိုင်ကြသူများလည်းဖြစ်တယ်လို့ သိရပါတယ်။ မိဘတွေက ငါးဖမ်းလုပ်ငန်းလုပ်တဲ့တချိန်ထဲမှာပဲ သားသမီးတွေကတော့   ကျေက်စလစ်တူးဖေါ်တဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့ဟာ ဒီနေရာတဝိုက်မှာ စီးပွားရေးအရ အချက်အချာကျတဲ့မြို့ဖြစ်တယ်ဆိုတာ ဒီမြစ် ဒီချောင်းတွေကြောင့်ပဲဖြစ်ပါတယ်။ ကုန်သည်ပွဲစားတွေက ကုန်သွယ်မှုလုပ်ငန်းနဲ့ စည်ကားသိုက်မြိုက်နေသလို အခြေခံလူတန်းစားတွေကလည်းပဲ ဒီမြစ် ဒီချောင်းနဲ့ ဒီလုပ်ငန်းခွင်တွေအတွင်း ဝင်ရောက်လုပ်ကိုင်ရင်း ဘဝရပ်တည်ရုန်းကန်နေထိုင်လို့ ရနေတာကိုလည်း တွေ့ခဲ့ကြပါတယ်။

အခြေအနေအရတော့ ဟင်္သာတမြို့ဟာ သည့်ထက်သည့်ထက် ကုန်စည်ကူးသန်းမှု၊ သွားလာမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများသည့်ထက် ပိုမိုတိုးတက်အားကောင်းလာမှာ   သေချာတယ်လို့ပဲ မြင်မိပါတယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါတယ်။ http://www.mizzimaburmese.com/article/23695

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly