ဆရာဝန်များ သပိတ်မှောက်နေမှုကို ရပ်ရန် ကင်ညာပြည်သူများ ဆန္ဒပြ

ဆရာဝန်များ သပိတ်မှောက်နေမှုကို ရပ်ရန် ကင်ညာပြည်သူများ ဆန္ဒပြ

နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၂၅ ။                            ။ ကင်ညာက နိုင်ရိုဘီမြို့တော်မှာ တက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးက ကျန်းမာရေးဝန်ကြီးဌာနရှေ့ စုရုံးချီတက်ပြီး ဆရာဝန်တွေရဲ့ သပိတ်မှောက်မှုကို အဆုံးသတ်ဖို့ တောင်းဆိုကာ ငြိမ်းချမ်းစွာဆန္ဒပြပါတယ်။

ဆန္ဒပြသူတွေက ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေ ကိုင်ဆောင်ဟစ်ကြွေးကြပြီး “အစိုးရရယ်၊ ကျန်းမာရေးဝန်ကြီးဌာနရယ်က ဆေးရုံက လူနာတွေ၊ အိမ်တွေမှာ နာမကျန်းဖြစ်နေတဲ့ သူတွေအပေါ် စိတ်ဝင်စားမှုမရှိဘူး။”လို့ ဆိုပါတယ်။

မကြာမီမှာ ရွေးကောက်ပွဲလည်း ကျင်းပရန်ရှိလို့ ဆန္ဒပြသူတစ်ဦးက “ကျွန်မတို့ မကျမ်းမာနေတဲ့အချိန် ဘယ်လိုမဲပေးမလဲ။ ကျွန်မတို့ သေသွားရင် ဘယ်လိုလုပ် မဲပေးနိုင်မှာလဲ။”လို့ ပြောပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနမှာ ဖြစ်ပျက်နေတာတွေကြောင့် ခုနေရာကို ရောက်လာပြီး တောင်းဆိုရတာပါ။ ဆရာဝန်တွေရဲ့ သပိတ် ချက်ချင်းရပ်ပေးပါ။”လို့ ဆန္ဒပြသူတစ်ဦးက ဆိုပါတယ်။

ကင်ညာနိုင်ငံတွင်းမှာ ဆရာဝန်တွေ သပိတ်မှောက်တာက ဖေဖော်ဝါရီ ၂၄ ရက်မှ ၈၂ ရက်တိုင် ပြည့်မြောက်လာပြီဖြစ်ပါတယ်။ ဒီသပိတ်ပြဿနာအရေးကို ဖြေရှင်းဖို့ အယူခံတရားရုံးက စေ့စပ်ညှိနှိုင်းသူတွေကို အချိန်တစ်ပတ်ပေးထားပါတယ်။

ကောင်းမွန်တဲ့ အလုပ်အကိုင်အခြေအနေနဲ့ လစာတို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆရာဝန်သမဂ္ဂတွေကြား ညှိနှိုင်းမရဖြစ်ပြီးနောက်မှာ ဆရာဝန်နဲ့ သူနာပြုတွေက ဒီဇင်ဘာ ၅ ရက်စပြီး တစ်နိုင်ငံလုံးအနံှ့ သပိတ်မှောက်ထားတာဖြစ်ပါတယ်။

ဒီအချိန်ကစပြီး ကျန်းမာရေးဝန်ထမ်းတွေက တစ်နိုင်ငံလုံးအနှံ့ သပိတ်မှောက်ထားတာဖြစ်ပြီး ဆေးရုံတွေမှာ ဝရုန်းသုန်းကား အခြေအနေဖြစ်ရကာ ဆေးဝါးကျန်းမာရေးစောင့်ရှောက်မှု နည်းပါးတာကြောင့် လူနာတွေလည်း ဆေးရုံကဆင်း အိမ်ပြန်ကြရတာတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags