ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း

ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း
ဖေဖော်ဝါရီ ၁၃  ရက်နေ့က ဟားခါးမြို့၊ သီဖူးလ်ကျေးရွာအနီး လှေကားထစ်တောင်ယာရှိ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ စိုက်ခင်းတွင် ရေလောင်းနေသော ဒေသခံတစ်ဦး (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ချင်းဒေသ စိုက်ပျိုးရေး ဖွံ့ဖြိုးလာသော်လည်း ကုန်ကြမ်းသာထုတ်နိုင်ခြင်းကြောင့် ဈေးကွက် အခက်အခဲ ဖြစ်နေသည်။

ဟားခါး၊ ဖလမ်း (Myanmar Now) -  နည်းပညာအကူအညီများ ပိုမိုရရှိလာသည့် ချင်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ် ငန်း အောင်မြင်လာသော်လည်း ဈေးကွက်အခက်အခဲကြောင့် အင်တိုက်အားတိုက် ဆက်လက်ထုတ် လုပ်နိုင်ခြင်း မရှိကြောင်း ဒေသခံတောင်သူများကပြောသည်။

   ဖလမ်းမြို့နယ်ကျေးလက်ဒေသတစ်ခုမှ မရှန်းကျဲရ်သည် မိဘများ၏ လက်ငုပ်လက်ရင်း တောင်ယာအလုပ် လုပ်ကိုင်လာသည်မှာ ၁ဝ နှစ် ရှိပြီ ဖြစ်သည်။

 “တောင်ယာအလုပ်ကို တဖြည်းဖြည်းစိတ်ကုန်လာပြီ။ အထွက်နှုန်းတွေ တိုးလာတော့လည်း ရောင်းချရမယ့်ဈေးကွက်ကမရှိဘူး”ဟုထလန်ရောင်ကျေးရွာမှ ၃၈နှစ်အရွယ် မရှန်းကျဲရ်က ပြောသည်။

သူနှင့် တစ်ရွာတည်းနေ ၂၈ နှစ်အရွယ် မငွန်ကျင်ဆုန်ကလည်း အလားတူရှင်းပြသည်။

 “ထွက်ကုန်တွေကို ရောင်းချလို့ရတဲ့နေရာ မရှိရင် ကျွန်မတို့ထုတ်ကုန်တွေက ဘယ်လောက် ကောင်းကောင်း၊ ဘယ်လောက်ပဲအထွက်နှုန်းတွေ တိုးတိုး အလကားပါပဲ။ ဈေးကွက်မရှိတော့ စိုက်ထားတဲ့သီးနှံတွေ ဘယ်အချိန်ပုပ်မလဲဆိုတာကို ထိုင်ကြည့်နေရသလိုဖြစ်နေတယ်”ဟု မငွန်ကျင် ဆုန်က ဆိုသည်။

 ၎င်းတို့နှစ်ဦးသည် တောင်ယာ ၁ ဧကခန့်စီ လုပ်ကိုင်နေကြသူများဖြစ်သည်။ မြေပြန့်ဒေသ တောင်သူလယ်သမားတို့  လယ်ဧကပိုင်ဆိုင်မှုများပြားသော်လည်း ဤဒေသတွင်မူ လယ်ပိုင်ဆိုင်မှု နည်းပါးကြသည်။ ဝေးလံခေါင်ဖျား၊ အထီးကျန်သော တောင်ပေါ်ဒေသ ချင်းပြည်နယ်သည်နိုင်ငံ၏ ဒုတိယဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်ပြီးအဓိကအားဖြင့်တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်ကာစပါး၊ မုန်ညှင်း၊ လက်ဖက်၊ ပဲတောင့်ရှည်၊ ဝဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ထောပတ်၊ စပျစ် စသည့်သီးနှံများ စိုက်ပျိုးကြသည်။

  ပြည်နယ်မြောက်ပိုင်းစိုက်ပျိုးရေးအဓိကကျေးရွာများသို့အစိုးရ၊နိုင်ငံတကာအရပ်ဘက်အဖွဲ့ အစည်းများ၊ ဒေသခံအဖွဲ့အစည်းများက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းများကို ယခင်ထက် ပိုမို စီစဉ်ပေးလာကြသည်။ ရလဒ်အားဖြင့် ယခင်ကတစ်ဧကစပါး၂၅တင်းကျော်သာထွက်ခဲ့ရာမှ  ယခု တင်း ၆ဝ ကျော် ထွက်နေပြီဟု ဒေသခံတို့က ပြောသည်။

နည်းပညာနှင့် သင်တန်း

   ပြည်နယ်မြောက်ပိုင်းမြို့နယ် ၅ ခုမှ ကျေးရွာ ၃၈ခုတွင် စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူ အညီပေးနေသည့် အဖွဲ့တစ်ခုမှာထိုဒေသအခြေစိုက်Chokhlei Organization for Rural and Agricultural Development (CORAD) အဖွဲ့ ဖြစ်သည်။

   သစ်တောပြုန်းတီးစေသည့် ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရန်အတွက် လှေကားထစ် စိုက်ခင်းများတူးဖော်ခြင်း၊ ရေလှောင်ကန်များဆောက်ခြင်း၊ ကန်နှင့်ဝေးသော စိုက်ခင်း များသို့ ရေပိုက်သွယ်တန်းခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း ယင်းအဖွဲ့မှ မန်နေဂျာတစ်ဦးဖြစ်သည့် ကိုကီလ်သူက ပြောသည်။

  “တောင်ကုန်းတောင်တန်းတွေများတော့ မြေပြန့်ထက်စာရင် နည်းပညာပိုလိုအပ်တယ်။ မြေပြို တာကလည်း မကြာခဏဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ဖော်ထားပေးတဲ့ လှေကားထစ် စိုက်ခင်းတွေ   တောင် မြေပြိုတဲ့အထဲပါသွားတယ်။ ဒီဘက်ကစိုက်ပျိုးရေး လုပ်ကိုင်သူတွေက စိတ်လည်းရှည်၊ ဇွဲလည်း ရှိရတယ်”ဟု ကိုကီလ်သူကဆိုသည်။

  ဒေသခံတို့ကို ၂ဝဝ၄ မှစပြီး အသေးစိတ်သင်ကြားပေးနေကြောင်း ၎င်းက ဆက်ပြောသည်။ ပေးအပ်သည့် နည်းပညာနှင့် သင်တန်းများတွင် မြေယာနှင့်ရေစီမံခန့်ခွဲထိန်းသိမ်းရေး၊ သီးနှံသစ်တော   ရောနှောစိုက်ပျိုးရေး၊ သဘာဝစိုက်ပျိုးရေး၊  အစားအစာ ပြင်ဆင်ထုပ်ပိုးနည်း၊ လူထုဖွံ့ဖြိုးရေးလုပ်ငန်း ကိုင်တွယ်ဖြေရှင်းနည်း၊ စနစ်တကျ အတန်းလိုက်စိုက်ပျိုးနည်း၊ သဘာဝဓာတ်မြေသြဇာ ပြုလုပ်နည်း စသည်တို့ ပါဝင်သည်။

   သင်တန်းတက်ရောက်သူများထဲတွင် ဖလမ်းမှ  မငွန်ကျင်ဆုန်လည်း ပါဝင်သည်။ “အရင်တုန်း ကဆို မြက်တွေကိုတောင်ယာတွေဘေးမှာပဲ စွန့်ပစ်တာများတယ်။ အခုသင်တန်းတက်ပြီးနောက် ပိုင်းကျတော့ မလွှင့်ပစ်တော့ဘဲ မြက်ခြောက်တွေနဲ့ သဘာဝအတိုင်း မြေဆွေးလုပ်လို့ရတယ်ဆိုတာ သိလာတယ်”ဟု မငွန်ကျင်ဆုန်က ပြောသည်။

   “အခုတော့ ကိုယ့်စိုက်ခင်းအထိ ရေသွယ်ပုံ၊ ရေသွယ်နည်းတွေ ရေပန်းပြုလုပ်ပုံတွေ သိလာတယ်။ အဲ့လိုတွေ သိလာတော့ အရင်ကလို ရေပုံးအလေးကြီးတွေလည်း သယ်စရာမလိုတော့ဘူး။ အချိန်မ ကုန်တော့သလို လူလည်းမပင်ပန်းတော့ဘူး”

ကုန်ချောဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှု

 ပြည်နယ်မြောက်ပိုင်းစိုက်ပျိုးရေးသမားတို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့ ပွဲရုံများကို သာ အားကိုးနေရသည်။ ဒေသထွက် စပါးနှင့် အခြားသီးနှံများကို ပြည်နယ်အစိုးရက ဈေးကောင်းပေး ဝယ်လျှင် စိုက်ပျိုးရေးလုပ်ငန်းကိုပိုမိုတိုးချဲ့နိုင်မည်ဖြစ်ကြောင်းဒေသခံများကပြောသည်။ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဆလိုင်းဒမ်နီရယ်ထွန်းတင်က နိုင်ငံတကာ NGO အဖွဲ့အစည်းများ ၏ အထောက်အပံ့များ၊နည်းပညာများ၊သင်တန်းများ၊ စီမံကိန်းများသည် နှစ်ကာလ အကန့်အသတ် ရှိခြင်းကြောင့် ဒေသအတွက် ရေရှည်အကျိုးဖြစ်ထွန်းမှု နည်းသည်ဟုဆိုသည်။

   “အခုနောက်ပိုင် းစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး NGO တော်တော်များများ ကူညီပေးနေလာတာကို တွေ့ရတယ်။ သူတို့ကလည်း ၃ နှစ်သို့မဟုတ် ၅နှစ်ဆိုပြီး နှစ်ကာလ အပိုင်းအခြားတစ်ခုအထိပဲ ကူညီနိုင်တာပါ။ NGO ပြန်သွားရင် ဒီကအလုပ်တွေရပ်သွားရော။ ကာလတိုလုပ်တာထက် လုပ်ငန်းရှင် တစ်ဦးဦးက လာရောက်ရင်းနှီးမြှုပ်နှံတာ အကောင်းဆုံးပါပဲ” ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး က သုံးသပ်သည်။

   ဤဒေသသည် အခြားပြည်နယ်များကဲ့သို့ ပိုးသတ်ဆေးသုံးစွဲခြင်း၊ ဓာတ်မြေသြဇာသုံးစွဲခြင်း မရှိသော်လည်း ပြည်ပသို့ သီးနှံ စီးပွားဖြစ် တင်ပို့ရောင်းချနိုင်ရန် လမ်းစမပေါ်သေးကြောင်း သူက ဆက်ပြောသည်။

   “ဒီဒေသက ထုတ်ကုန်တွေကို စီးပွားဖြစ်ထုတ်ရလောက်အောင် ပံ့ပိုးပေးမယ့်သူကလည်း မရှိဘူး။ ဒေသခံတွေက စိုက်လည်းစိုက်နိုင်တယ်၊ လုပ်လည်းလုပ်နိုင်တယ်၊တစ်နိုင်တစ်ပိုင်ပဲ ဖြစ်နေ တယ်။ ဝယ်မယ့်သူမရှိတော့ ဈေးကွက်ကလည်း မရှိဘူး”ဟု ဒုတိယဦးစီးမှူးက ရှင်းပြသည်။

  “လုပ်ငန်းရှင်ကဒီဒေသမှာ စက်ရုံလာဆောက်ပြီးတော့ သီးနှံတွေကိုစိုက်ပျိုးတဲ့အချိန်ကစပြီး ကုန်ချောထုတ်နိုင်တဲ့အထိ ဖြစ်အောင်လာလုပ်သင့်ပါတယ်” ပြည်ပပို့ကုန်ဖြစ်ရန်အတွက်လည်း အရည် အသွေးကို အထူးအလေးထားသင့်ကြောင်း သူကပြောသည်။

    “အရည်အသွေးကောင်းလည်းတစ်ကျပ်ပဲ၊ အရည်အသွေးမကောင်းလည်း တစ်ကျပ်ပဲဆိုတာ ကြာတော့ စိုက်ပျိုးသူတွေက အရည်အသွေးကောင်း မလုပ်တော့ဘူးပေါ့။ အရည်အသွေးမကောင်းရင် ၁ ကျပ်၊ အရည်အသွေးကောင်းရင် ၁ဝ ဆိုပြီး အဲ့ဒီလိုထိန်းပြီး ဝယ်ပေးမယ့်သူရှိရင်လည်း အရည်အ သွေးပိုင်း ဖွံ့ဖြိုးတိုးတက်လာမှာပါ”ဟု ဒုတိယဦးစီးမှူးက ဆိုသည်။

အမြဲတမ်းစိုက်ကွက်စနစ်နှင့် မျိုးစေ့

   ပြည်နယ်မြောက်ပိုင်းသည် ရေရှားခြင်းကြောင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့်၊ ရေငတ်ခံ နိုင်သည့် အပင်မျိုးစေ့များထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းMyanmar Now က တွေ့ဆုံခဲ့သည့် ဖလမ်း၊ ဟားခါးမြို့တို့မှ ဒေသခံတို့ကပြောသည်။ ဟားခါးခရိုင် စိုက်ပျိုးရေး ဦးစီးမှူးဦးဟုန်းကီးကလည်းဒေသရေမြေ၊ရာသီဥတုနှင့်ကိုက်ညီသည့်သီးနှံများစိုက်ပျိုးရန် မျိုးစေ့ကို ဒေသခံများထံ လုံလုံလောက်လောက် မပေးနိုင်ခြင်းမှာဌာန၏ အဓိကလိုအပ်ချက် ဖြစ်နေသည်ဟု ဆိုသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစတင်၍ ဟားခါးမြို့နယ်တွင် ၅ ဧက မျိုးစေ့စိုက်ခင်းများ ပြုလုပ် လျက်ရှိကြောင်း၊ နှစ်ရှည်ပင်အတွက်လည်း မျိုးစေ့ ထောက်ပံ့ကြောင်း ဦးဟုန်းကီးက ရှင်းပြသည်။

ယခုနှစ်မှစတင်၍ ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းသွားရန်  အမြဲတမ်းစိုက်ကွက်ဖြစ်မြောက် ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ဆိုသည်။

  “ချင်းပြည်နယ်မှာ စိုက်ပျိုးရေးလုပ်ကိုင်သူ ၇၅ ရာခိုင်နှုန်းက ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ စိုက်ပျိုးထားကြတော့ တောင်ယာခုတ်ထွင်မှုက နှစ်စဉ်သိန်းချီရှိပါတယ်။ ဒီလိုသာဆက်သွားနေရင်   တောင်ပြုန်းပြီးတော့ မြေပြိုမှုတွေပိုဖြစ်လာမှာပါ။ ဒါကြောင့် ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်း ပြီးတော့ အမြဲစိုက်ကွက်ဖြစ်မြောက်ရေးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ခရိုင်ဦးစီးမှူးက ပြောသည်။

   ပြည်နယ်အတွင်း အမြဲတမ်းစိုက်ကွက် ပေါ်ပေါက်ရေးအတွက် ယခုနှစ်မှစတင်၍ ဧက ၅၅ ဧက ပေါ်တွင် အကောင်အထည်ဖော်နိုင်ရန် နေရာသတ်မှတ်ခြင်း၊ စီမံချက်ရေးဆွဲခြင်း လုပ်ငန်းများ အစပြု နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်တွင် မွေးမြူကြသော နွားနောက်၊ နွား၊ ကျွဲတို့ကို လွှတ်ကျောင်းစနစ်ဖြင့် ထိန်းကျောင်းခြင်းကြောင့် စိုက်ခင်းများ နေ့စဉ်ပျက်စီးဆုံးရှုံးနေရကြောင်း ဟားခါး၊ ဖလမ်းမြို့တို့မှ ဒေသခံ အများအပြားက ပြောကြသည်။

 အစိုးရက လွှတ်ကျောင်းစနစ်ကို ဆက်လက်ခွင့်ပြုမည်ဆိုပါက တိရစ္ဆာန်တို့၏ ဖျက်ဆီးမှုဒဏ် ကို ကာကွယ်နိုင်ရန်အတွက် စိုက်ခင်းများကို သံဆူးကြိုး ကာခြင်းကဲ့သို့သော အကာအကွယ် အစီအ မံများ ပြုလုပ်ပေးသင့်ကြောင်း ၎င်းတို့က ပြောသည်။

  CORAD အဖွဲ့မှ မန်နေဂျာကိုကီလ်သူကလည်း အစိုးရအနေဖြင့် တိရစ္ဆာန်များ လွှတ်ကျောင်း သည့်စနစ် ပိုမိုကောင်းမွန်စေရန် စီစဉ်ပေးသင့်သည်ဟု ယူဆသည်။

  “တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်းစိုက်ခဲ့ပြီး အသီးအပွင့်တွေရခါနီးကျမှ တိရစ္ဆာန်တွေ ဖျက်ဆီး လိုက်တော့ စိုက်ပျိုးရေးလုပ်ငန်းက ရှေ့မသွားဘဲ နောက်ဆုတ်ဆုတ်နေတဲ့သဘောကို တွေ့ရတယ်။ စိုက်ခင်းတွေကို တိရစ္ဆာန်တွေ မဝင်နိုင်အောင် သံဆူးကြိုးကာမယ်ဆိုရင်လည်း တိုင်တွေလိုတော့ သစ်ပင်တွေ ခုတ်မယ်ဆိုရင်လည်း တောက ပြုန်းဦးမယ်" စိုက်ပျိုးရေး ဖွံ့ဖြိုးစေရေးအတွက်  အာဏာ ပိုင်တို့ ဆောင်ရွက်သည့်အခါ တောင်ထူထပ်လွန်းသောဤဒေသ၏ အခြေအနေများကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဟ ကိုကီလ်သူက ဆိုသည်။

  “မြေပြန့်ဒေသမှာ ၃ နှစ် စိုက်လို့ဖြစ်တဲ့အပင်က တောင်ပေါ်ဒေသမှာဆို ၅ နှစ်နဲ့ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမယ်။ အဲ့ဒါကိုထည့်တွက်ဖို့လိုတယ်။ ဒါကြောင့် မျိုးစေ့အသစ်တစ်ခုချပေးမယ်ဆိုရင် အဲ့ဒီ မျိုးစေ့က ဒီဒေသမှာ စမ်းသပ်ပြီးသားမျိုးစေ့ပဲ ဖြစ်စေချင်ပါတယ်”ဟု ကိုကီလ်သူက ပြောလိုက်သည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly