“အပစ်ရပ်ရေး မျှော်လင့်ချက် ရှိသေးလား ”

“အပစ်ရပ်ရေး မျှော်လင့်ချက် ရှိသေးလား ”

ခုဆိုရင် အားလုံး စိတ်ဝင်စားနေတဲ့ ၈ ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ပြီးဆုံး သွားပါပြီ။ ဆွေးနွေးပွဲအပြီး တရားဝင် ထုတ်ပြန်ချက်မှာ တိုင်းရင်းသားတွေရဲ့ လော်ခီးလာ ညီလာခံ က ချမှတ်လိုက်တဲ့ အရင်သဘောတူပြီးသား အပစ်ရပ် NCA စာချုပ်က အချက် (၁၃) ချက်ကို ပြင်ဆင်ဖို့ တိုင်းရင်းသားတွေက တောင်းဆိုရာမှာ (၁၀) ချက်ကို ညှိနှိုင်းပြီးစီးတယ်၊ ၂ ချက်ကို ညှိနှိုင်းနိုင်ပေမယ့် တိုင်းရင်းသားတွေဘက်က သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းကို တင်ပြရမယ်၊ နောက်ဆုံး တစ်ချက်ကိုတော့ နှစ်ဘက်ခေါင်းဆောင်တွေဆီ တင်ပြဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေမှာတော့ အချက်တချို့ သဘောတူညီချက် မရလို့ ဆွေးနွေးပွဲကို ယာယီရပ်ဆိုင်းထားလိုက်တယ်၊ လာမယ့် သြဂုတ်လဆန်းမှာ ဆွေးနွေးပွဲတွေ ပြန်စမယ်ဆိုပြီး ဖော်ပြကြပါတယ်။ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အပစ်ရပ်စာချုပ် ဆွေးနွေးမှု ဘယ်အခြေအနေ ရောက်နေပြီလဲ၊ နောက်တစ်ကြိမ် ဆွေးနွေးမှုကရော နောက်ဆုံး အကြိမ် ဆွေးနွေးမှု ဖြစ်နိုင်မလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ငြိမ်ချမ်းရေး ဆွေးနွေးပွဲ အစပြုလာတာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီး နောက်ပိုင်းမှသာ ဖြစ်ပါတယ်။ နှစ်ဘက် ကနဦး သဘောတူညီချက်ကတော့ ပထမအဆင့် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် တစ်ခု ရအောင် ညှိနှိုင်းပြီး ပြည်တွင်းပြည်ပ အသိသက်သေတွေ ရှေ့မှာ လက်မှတ်ရေးထိုးသွားမယ်၊ ပြီးရင် သတ်မှတ် အချိန်ကာလအတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် မူဘောင် ဆွေးနွေးပွဲတွေ လုပ်မယ်၊ အဲဒီ မူဘောင် ဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေနဲ့အညီ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွားမယ်၊ အဲဒီနိုင်ငံရေး ဆွေးနွေးပွဲတွေက ရလာတဲ့ သဘောတူညီချက်ကိုမှ ဖွဲ့စည်းပုံ ထဲမှာ ပြင်ဆင်ထည့်သွင်းသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။

အခုလက်ရှိ ရောက်နေတာကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ခု ရလာအောင် နှစ်ဘက် ညှိနှိုင်းတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်အတွက် အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ UPWC နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ NCCT တို့ ဆွေးနွေးညှိနှိုင်းကြပါတယ်။ တိုင်းရင်းသားတွေဘက်က ချပြတဲ့ အချက်တွေ အပေါ် အခြေခံပြီး ဆွေးနွေးကြပါတယ်။ အချိန် တစ်နှစ်ခွဲလောက်ယူ (၇) ကြိမ်လောက် ဆွေးနွေး ခဲ့ကြပါတယ်။ နောက်ဆုံးမှာ မူကြမ်းအဆင့် သဘောတူညီပြီး သမ္မတ ဦးသိန်းစိန် ရှေ့မှောက်မှာ နှစ်ဘက်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်အထိ ရောက်ပါတယ်။ ဒါပေမယ့် ဒါဟာ စာချုပ်ကို အချောသတ် အတည်ပြုနိုင်တာမျိုး မဟုတ်ဘဲ လက်နက်ကိုင် တိုင်းရင်းသားတွေ က သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်တွေဆီ ပြန်တင်ပြနိုင်တဲ့ အဆင့်အထိပဲ ရောက်ခဲ့ပါ တယ်။ အဲဒီကနေ တစ်ဆင့် လော်ခီးလာ ညီလာခံ၊ ညီလာခံကနေ အချက် (၁၃) ချက် ပြင်ဆင်လို တယ်ဆိုတဲ့ သဘောထား ထွက်ခဲ့ပြီး အခု အဲဒီအချက်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။ 

တကယ်တော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ပါ အချက်တွေကို ဆွေးနွေးတာ က အရေးအကြီးဆုံး အဆင့်ပါ၊ ဒီစာချုပ်ကိုသာ နှစ်ဘက်ခေါင်းဆောင်တွေ အတည်ပြုနိုင်ရင် စာချုပ်ကို ဘယ်သူတွေ လက်မှတ်ထိုးမယ်၊ ဘယ်လို သက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ထိုး မယ်ဆိုတာက သိပ် ညှိစရာမလိုဘဲ ပြီးသွားနိုင်ပါတယ်။
လက်ရှိ ဆွေးနွေးပွဲ ဖြစ်စဉ် တစ်လျှောက်လုံးကို ပြန်ဆန်းစစ်ကြည့်ရင် အစိုးရဘက်က တော့ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးချင်တဲ့ ဆန္ဒ အလွန်ပေါ်လွင်ပါတယ်။ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ပြည်တွင်းစစ် မရပ်စဲနိုင်သမျှ တိုင်းပြည် တည်ငြိမ်မှု မရှိနိုင်ဘူး။ တိုင်းပြည် တည်ငြိမ်မှု မရှိတာနဲ့ အမျှ ရင်းနှီး မြှုပ်နှံမှုတွေ ပြည်တွင်းရောက်လာအောင် စွမ်းဆောင်တာ အပါအဝင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက် အောင် ဘာမှ ကောင်းကောင်း မလုပ်နိုင်ဘူးဆိုတာ နားလည်လာကြပုံရပါတယ်။ ဒီအတွက်ပဲ အပစ်ရပ်စဲရေးတစ်ခု တိုင်းပြည်မှာ ဖြစ်ထွန်းအောင် ကြိုးစားနေကြတာပါ။

လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကလည်း အရင် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေကို သင်ခန်းစာ ယူပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်နေသူ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို မယုံကြည်ကြပါဘူး။ အထူးသဖြင့် အရင်က ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ဖူးတဲ့ အဖွဲ့တွေကလည်း နောက်ပိုင်း သူတို့ကို နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် ဖွဲ့ဖို့ ဖိအား ပေးတာ၊ မလုပ်ရင် စစ်ရေးအရ တိုက်မယ် ခိုက်မယ်လို့ ခြိမ်းခြောက်တာတွေကို မမေ့နိုင်ကြ သေးပါဘူး။ ဒါကြောင့် အစိုးရဘက်က ချဉ်းကပ်လာသမျှကို သံသယ အမြင်နဲ့ချည်းပဲ ချည်းကပ် ရင်း အပစ်ရပ်စာချုပ်အတွက် ဆွေးနွေးကြတာတွေ ဒီနေ့အချိန်ထိ ကြာမြင့်ခဲ့ကြတာပါ။ ဒါပေမယ့် အရေးတကြီး စဉ်းစားဖို့လိုတာက တိုင်းရင်းသားတွေအနေနဲ့ နောက်ထပ် အစိုးရ ပြောင်းသည် ဖြစ်စေ၊ မပြောင်းသည်ဖြစ်စေ ဒီစစ်တပ်နဲ့ပဲ အပေးအယူ ညှိနှိုင်းတာတွေ လုပ်ရမယ် ဆိုတာပါပဲ။

နိုင်ငံတကာက အပစ်ရပ်စာချုပ်တွေနဲ့ လက်ရှိ မြန်မာပြည်လုပ်နေတဲ့ အပစ်ရပ်စာချုပ်နဲ့က မတူပါဘူး။ မြန်မာပြည်ရဲ့ အပစ်ရပ်စာချုပ်မှာ နိုင်ငံရေးအရ ကတိကဝတ်တချို့ ပါသလို၊ တချို့ကို တော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေတစ်ဆင့် အဖြေရှာကြမယ်လို့ ဖော်ပြထားတဲ့ စာချုပ် အမျိုးအစားပါ။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ရှိပါသေးတယ်။ နှစ်ဘက် အင်အားစုတွေဟာ ဒုက္ခ သုက္ခ ရောက်နေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ မျက်နှာတွေကို မြင်ယောင်ကြမယ် ဆိုရင်ဖြင့်၊ အောက်ကျ နောက်ကျ နိုင်လှတဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ကြမယ်ဆိုရင်ဖြင့် ဒီစာချုပ်ကို မညှိနှိုင်းနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီ စာချုပ် ချုပ်ဆိုနိုင်ခြင်းဟာ လက်ရှိအစိုးရရဲ့ အောင်ပွဲလို့ မသတ်မှတ်နိုင်ပါဘူး။ တိုင်းရင်းသားပြည်သူတွေရဲ့ အောင်ပွဲ၊ မြန်မာနိုင်ငံသားတွေရဲ့ အောင်ပွဲ၊ နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာမယ့် အောင်ပွဲမို့ နှစ်ဘက် အင်အားစုတွေ ကြိုးစားညှိနှိုင်းကြဖို့ သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags