ဒူတာတေးကို ဝေဖန်တဲ့ လွှတ်တော်အမတ်ကို မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ လာဘ်စားမှုတို့ဖြင့် ဖမ်းဝရမ်းထုတ်

ဒူတာတေးကို ဝေဖန်တဲ့ လွှတ်တော်အမတ်ကို မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ လာဘ်စားမှုတို့ဖြင့် ဖမ်းဝရမ်းထုတ်

မနီလာ၊ ဖေဖော်ဝါရီ ၂၄ ။            ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ အမျိုးသမီးလွှတ်တော်အမတ်ကို မူးယစ်ကုန်သည်တွေထံက လာဘ်လာဘယူတယ်ဆိုပြီး တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

လွှတ်တော်အမတ် လိုင်လာဒီလီမာက တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ မူးယစ်ဆေးဝါးကုန်ကူးသူတွေထံက တံစိုးလက်ဆောင် ရယူခြင်း ရှိတယ်ဆိုပြီး ၎င်းနောက်လိုက်နှစ်ဦးနဲ့အတူ ဖမ်းဆီးရန် မန်တန်လူပါတရားရုံးက ဖေဖော်ဝါရီ ၂၃ ရက်မှာ ဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

လီမာနဲ့အတူ ရာဂို့စ်၊ ဒါယန်ဆိုသူတို့ဟာ ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်တဲ့ အကြောင်းအချက်တွေရှိတယ်လို့ EFE က မြင်တွေ့ခဲ့တဲ့ တရားသူကြီး ဂျုအန်နီတာ လက်မှတ်ထိုးထုတ်ပြန်တဲ့ မှတ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရာဂို့စ်က ယခင် ပြုပြင်မွမ်းမံရေးဗျူရိုရဲ့ အကြီးအကဲတစ်ဦးဖြစ်ခဲ့ပြီး ဒါယန်က လွှတ်တော်အမတ်လီမာရဲ့ သက်တော်စောင့်ဟောင်းတစ်ဦးဖြစ်ပါတယ်။

မနီလာတရားရေးဌာနက ဆောင်ရွက်တဲ့ ကနဦးစုံစမ်းမှုအတွင်း ရရှိသတင်းအချက်အလက်တွေနဲ့ သက်သေတွေကို ကုံလုံစွာ စိစစ်ပြီးနောက် ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်ချတာဖြစ်ကြောင်း တရားသူကြီးက ပြောပါတယ်။

၂၀၁၀ မှ ၂၀၁၅ အထိ တရားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ လီမာကို လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဥပဒေကို ဖောက်ဖျက်မှုအပြင် တရားမဝင်မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ ကုန်ကူးခြင်း၊ လက်လွှဲခြင်း၊ ဖြန့်ဖြူးခြင်းနဲ့ ပို့ဆောင်ခြင်းတွေမှာ ဆက်စပ်ပတ်သက်တဲ့ စွဲဆိုချက်တွေနဲ့ အမှုဖွင့်ထားပါတယ်။

မူးယစ်ဆေးဝါး ပို့ဆောင်မှုမှာ ပါဝင်ပတ်သက်တဲ့ စွဲဆိုပြစ်မှုတစ်ရပ်နဲ့ပင် ထောင်ဒဏ် ၁၂ နှစ်မှ တစ်သက်တစ်ကျွန်းကျနိုင်ပြီး ငွေဒဏ် ပီဆို ငါးသိန်းကနေ ဆယ်သန်းအထိ ချမှတ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags