ယောက်ျားတွေနဲ့့ တန်းတူ ရင်ဘောင်တန်း ခက်ခဲတဲ့လမ်းပေါ်က အမျိုးသမီးလေယာဉ်မှူးများ

ယောက်ျားတွေနဲ့့ တန်းတူ ရင်ဘောင်တန်း ခက်ခဲတဲ့လမ်းပေါ်က အမျိုးသမီးလေယာဉ်မှူးများ

မြန်မာနိုင်ငံမှာ လူဦးရေသန်းပေါင်း ၅၁ သန်းကျော်ထဲက ၂၆ သန်းကျော်ဟာ အမျိုးသမီးတွေပါ။ ဒီနေ့ခေတ် အချိန်အခါမှာတော့ အမျိုးသမီးတွေကို ဦးစားပေးရမယ် ဆိုရာကနေ ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင်တန်းပြီးတော့ သက်မွေးဝမ်းကြောင်းပညာရပ်တွေမှာ ဝင်ရောက်လုပ်ကိုင်လာကြတာကို တွေ့နေရပါပြီ။ ဒီအမျိုးသမီးထုထဲကနေ သာမန်ယောက်ျားတွေတောင် ဝင်ရောက်လုပ်ကိုင်ဖို့ ခက်ခဲတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုဖြစ်တဲ့ လေယာဉ်မောင်း Pilot နေရာကို ဝင်ရောက်လုပ်ကိုင်နေကြတဲ့ FMI Air လေကြောင်းလိုင်းက အမျိုးသမီးလေယာဉ်မှူး ၃ ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 မမေချိုဝင်း (Captain, FMI Air Ltd)

မင်္ဂလာပါ။ အစ်မက Captain မေချိုဝင်း ပါ။ လက်ရှိ FMI Air မှာ မောင်းနေပါတယ်။ အစ်မတို့ ပိုင်းလော့သင်တန်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာ သွားတက်တာပေါ့နော်။   လေယာဉ်မောင်းချင်တဲ့ စိတ်တစ်ခုထဲနဲ့ ပိုင်းလော့သင်တန်းကို သွားတက်ဖြစ်တာပါ။

အစ်မတို့ လေယာဉ်မောင်းသင်တန်းကျောင်းကို မလေးရှားနိုင်ငံ၊ အီပိုးမြို့ ITNS ပေါ့နော်။ Integrated Training School အဲ့ဒီကနေ ပြီးတာပါ။ သင်တန်းကာလက ၂ နှစ်ခွဲလောက် ကြာသွားပါတယ်။

အဓိက စိန်ခေါ်မှုက အစ်မတို့သွားတက်တဲ့ ၂၀၀၇ ခုနှစ်အချိန်တုန်းက မြန်မာပြည်မှာ ဘယ်သူမှ မသွားကြသေးဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်က လေယာဉ်မောင်းချင်တဲ့ စိတ်အားက အရမ်းထက်သန်နေတော့ ငါ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ ထွက်သွားတာပါ။

ပိုင်းလော့ဖြစ်ဖို့အတွက် အဓိက Strength ကတော့ Pilot တစ်ယောက်လုပ်မယ်ဆိုလို့ရှိရင် အရမ်းကြီး ထူးချွန်ထက်မြက်နေစရာတော့ မလိုဘူးပေါ့။ ဒါပေမယ့် ဘာသာရပ်တိုင်းမှာတော့ စာပေဆိုင်ရာပဲဖြစ်ဖြစ် ဥပမာ။ ကျန်းမာရေး၊ လေယာဉ်မောင်းတာနဲ့ ပတ်သက်ပြီး အကုန်လုံးမှာ သင့်တင့်မျှတနေဖို့ပဲ လိုပါတယ်။

မိန်းကလေးတွေက ဖြတ်ထိုးဉာဏ်ပိုကောင်းပေမယ့် Pilot တစ်ယောက်ကျတော့ ဘယ်အရာကိုပဲ လုပ်လုပ်ပေါ့။ Decision Making ကတော့ ပိုအရေးကြီးပါတယ်။ Action တစ်ခုခု မလုပ်ခင်မှာ ကိုယ်လုပ်တဲ့လုပ်ရပ်က မှန်လား ၊ မမှန်လား။  ဘယ်ဟာကို လုပ်သင့်လဲ၊ မလုပ်သင့်လဲ ။ ဆုံးဖြတ်ချက်ကောင်းဖို့က အရေးကြီးပါတယ် ။ အဲ့ဒီပေါ်မှာ မူတည်ပြီးသွားတာပါပဲ။

 မနှင်းဦးဝေ (First Officer, FMI Air Ltd)

စစချင်းကတော့ လေယာဉ်မယ်ပေါ့ ။ ၂၀၀၄ က စလုပ်တယ်။ ၂၀၀၇ မှာ စကော်လာ ရတဲ့အခါကျတော့ မလေးမှာ ကျောင်းသွားတက်တယ်။ ကျောင်းဆင်းကထဲက Air Bagan မှာ လုပ်တယ် အခုကျတော့ FMI မှာပါ။

ကျောင်းတက်တာ ၂ နှစ်ကျော်လောက် ကြာပါတယ်။ အခက်အခဲတွေကတော့ အများကြီးပေါ့။ ရှိတာပေါ့ ။ တစ်ဆင့်ပြီး တစ်ဆင့်အခက်အခဲတွေက အများကြီးပါပဲ။

လေယာဉ်မောင်းဖြစ်ချင်တဲ့ လူငယ်တွေအတွက်တော့ အစ်မတို့တောင် လုပ်နိုင်သေးတာပဲ။ အခု အငယ်လေးတွေဆို ပိုပြီးတော့ Smart ဖြစ်တာပဲ။ အဲ့ဒီတော့ လုပ်ပါ။ ဝါသနာပါရင် ကြိုးစားပါ။ ဖြစ်ပါတယ်။

 မမေစိုးနိုင် ( First Officer, FMI Air Ltd )

Pilot ရွေးချယ်ဖြစ်ရခြင်းအကြောင်းရဲ့ နံပါတ်တစ်အချက်က အစ်မအဘိုးကလည်း လေယာဉ်မှူးပါ။ အစ်မရဲ့ ငယ်ဘဝ အားလုံးကလည်း သူ့ရဲ့ပြောပြတဲ့ အတွေ့အကြုံတွေနဲ့ပဲ ဖြတ်သန်းခဲ့ရတာဆိုတော့ အစ်မ ရွေးချယ်လိုက်တာလည်း ဒီလေယာဉ်မှူးကိုပဲ ရွေးချယ်ဖြစ်သွားခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ သင်တန်းသွားတက်ခဲ့တာ ၂၀၀၉ ခုနှစ်မှာ သွားတက်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး Air Mandalay မှာ စပြီးတော့ အလုပ်စဝင်ခဲ့တာပါ။

အခက်အခဲကတော့ နေရာတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီနေရာကတော့ ယောက်ျားလေးတွေပဲ ဖြတ်သန်းနေကျ နေရာပတ်ဝန်းကျင်တစ်ခုဖြစ်တယ်။  အစ်မတို့ ရောက်လာတဲ့အခါမှာလည်း ကြိုးစားရတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့် အစ်မတို့ အကောင်းဆုံးတော့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့ခဲ့တာတော့ အစ်မ မရှိခဲ့ဖူးပါဘူး။

အစ်မကတော့ အားပေးပါတယ် အားလုံးကို အခုဆိုလို့ ရှိရင်လည်း အစ်မတို့အနေနဲ့ အမျိုးသမီးတွေချည်းပဲ စပြီးတော့ ဦးဆောင်ပြီး သွားရတဲ့ အခွင့်အရေးရခဲ့တယ်ပေါ့နော်။ ဒီလိုပဲ နောက်ထပ်လူငယ်များစွာကိုလည်း ဒါမျိုး အခွင့်အရေး ရစေချင်တယ်။ အစ်မတို့လို အတွေ့အကြုံမျိုးတွေ ရစေချင်တယ်။ အစ်မအနေနဲ့လည်း တတ်နိုင်တာတွေကို ကူညီဖို့ အဆင်သင့် ရှိပါတယ်လို့။

အဓိက ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပေါ့နော်၊ ဒါက လုံးဝအဓိက ကျတဲ့အချက်ပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှ သာလျှင် အရာအားလုံးကို ဦးဆောင်ပြီး ကိုယ်က လုပ်နိုင်မှ ဖြစ်တယ်လေ။ ကိုယ့်ကိုကိုယ် ယုံကြည်မှသာလျှင် သူများက ကိုယ့်ကို ယုံကြည်မှာပေါ့။ အဓိက ကိုယ့်ကိုကိုယ် မိန်းကလေး တစ်ယောက်အနေနဲ့ ငါလုပ်နိုင်တယ် ငါဖြစ်နိုင်တယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အရင်မွေးပါ။ ကိုယ်မွေးထားတဲ့ ယုံကြည်မှုအတိုင်းလဲ ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်အောင် လေ့ကျင့်ထားကြပါ ကြိုးပမ်းထားကြပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly