ပီအက်စ်ဂျီသို့ပြောင်းရန် ဒီမာရီယာပိုမိုနီးစပ်လာ

ပီအက်စ်ဂျီသို့ပြောင်းရန် ဒီမာရီယာပိုမိုနီးစပ်လာ

ဇူလိုင် ၂၆၊ ကယ်လီဖိုးနီးယား။ ။ မန်ယူအသင်း၏ရာသီကြိုခြေစမ်းခရီးစဉ်သို့ ဒီမာရီယာလိုက်ပါလာခြင်းမရှိသည့်အကြောင်းအရင်းကို မသိကြောင်း မန်ယူနည်းပြဗန်ဟားလ်က ပြောဆိုလိုက်ပြီးနောက် ဒီမာရီယာသည် ပီအက်စ်ဂျီသို့ပြောင်းရန် ပိုမိုနီးစပ်သည့်အခြေအနေသို့ ရောက်လာခဲ့ပြီဖြစ်သည်။

ပြင်သစ်သတင်းစာ အယ်လ်အီကွစ်ကလည်း မန်ယူအသင်းသည် အာဂျင်တီးနားလက်ရွေးစင်ကစားသမားအတွက် ပီအက်စ်ဂျီအသင်းနှင့် ပေါင် ၄၆ ဒသမ ၅ သန်းဖြင့် သဘောတူညီမှုရခဲ့ပြီဟု ဖော်ပြထားသည်။

သို့သော်လည်း ပြောင်းရွှေ့ကြေးကိုသဘောတူညီမှုမရသေးဘဲ အသင်းနှစ်သင်းကြားဆက်လက်ညှိနှိုင်းနေဖွယ်ရှိသည်ဟု ဘီဘီစီသတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

"လေယာဉ်နဲ့ ဒီမာရီယာပါမလာခဲ့ပါဘူး။ ရိုဟိုလည်း မပါလာဘူး။ ရိုဟိုက နိုင်ငံကူးလက်မှတ်အခက်အခဲရှိပြီး ဒီမာရီယာကတော့ ဘာကြောင့် လဲ ကျွန်တော်မသိပါဘူး။ ကျွန်တော်လည်း မပြောတတ်ဘူး"ဟု ဘာစီလိုနာကို ၃-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲအပြီးတွင် ဗန်ဟားလ်ကပြောသည်။

ပီအက်စ်ဂျီအသင်းနှင့်သတင်းများထွက်ပေါ်နေသော ဒီမာရီယာသည် သောကြာနေ့တွင် အသင်း၏ရာသီကြိုခြေစမ်းခရီးသို့ လာရောက် ပူးပေါင်းလိမ့်မည်ဟု ဗန်ဟားလ်က ပြောကြားထားခဲ့သော်လည်း ကစားသမားသည် အသင်းသို့ရောက်မလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် မန်ယူသို့ပြောင်းလာခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဒီမာရီယာ ည် အမေရိကခြေစမ်းခရီးစဉ်အတွင်း ပီအက်စ်ဂျီအသင်းအခြေစိုက်ရာ နယူးဂျာစီသို့ ဆေးစစ်မှုခံယူရန် သွားရောက်ဖွယ်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly