ရိတ်သိမ်းပြီးစပါးများအား ရောင်းချနိုင်ရေး မြောက်ဦးမြို့နယ်မှ တောင်သူ ၄၀၀ ကျော် သမ္မတထံအသနားခံ

ရိတ်သိမ်းပြီးစပါးများအား ရောင်းချနိုင်ရေး မြောက်ဦးမြို့နယ်မှ တောင်သူ ၄၀၀ ကျော် သမ္မတထံအသနားခံ
သတင်းဓါတ်ပုံ - မင်းမျိုးနွယ်

ဖေဖော်ဝါရီလ ၂၃ ။           ။ ယခုနှစ်အတွင်း ရခိုင်ပြည်နယ်၏ စပါးဈေးမှာ ကျဆင်းနေသည့်အတွက် ဝယ်လက်နည်းပါးမှုကြောင့် တောင်သူများ ရိတ်သိမ်းထားသောစပါးများအား   ရောင်းချခွင့်မရဘဲရှိနေရာ   ၎င်းတို့ရင်ဆိုင်နေကြရသည့် အခက်အခဲများအား ဖြေရှင်းအကူအညီပေးရန်အတွက် ဖေဖော်ဝါရီလ တတိယအပတ်မှာ နိုင်ငံတော်သမ္မထံသို့ စာပို့မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ရိတ်သိမ်းပြီးစပါးများအား ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချနိုင်ရန် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှ တောင်သူ ၄၀၀ ကျော်တို့က လက်မှတ်ရေးထိုးကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သမ္မတထံသို့ တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

“စပါးဈေးကောင်းမရတဲ့အတွက် ဝယ်ယူသူတွေ မရှိသလောက် ဖြစ်နေပါတယ်။ လယ်သမားတွေရဲ့ မိသားစု စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်နေကြပါပြီ။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သမ္မတဆီကို စာတင်ထားပါတယ်’’ ဟု တောင်သူ ဦးလှအောင်စိန်က ပြောသည်။

ယင်းသို့ ရခိုင်ပြည်နယ်အတွင်း စပါးဈေးအနိမ့်ဆုံးအနေအထားအထိ ကျဆင်းနေခြင်းကြောင့် ဝယ်ယူသူမရှိသည့်အတွက် တောင်သူများ အပူတပြင်းလိုအပ်နေသည့် ငွေကြေးများ ရရှိလာနိုင်ရန် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း တောင်သူများက ပြောသည်။

“ကျွန်တော်တို့ လက်ထဲမှာ စပါးတွေပဲ ရှိပါတယ်။ အဲဒီစပါးတွေကို ဝယ်ပေးဖို့နဲ့ သင့်တင့်တဲ့ဈေးနှုန်းတွေကို ရရှိဖို့အတွက် အခုလ ၂၅ ရက်နေ့မှာ လယ်သမားတွေဘက်က ဆန္ဒထုတ်ဖော်ပြီး လိုအပ်ချက်တွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်”ဟု ဦးလှအောင်စိန်က ေ ပြောသည်။

သို့မှသာ နိုင်ငံတော်မှရယူထားသော ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ကာ အခြေအနေမှာ ယခုကဲ့သို့ ဆက်လက်ငြိမ်သက် နေမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်းမှ   တောင်သူအားလုံး၏ ချေးငွေပေးဆပ်ရေးကိစ္စ အပြင် စိုက်ပျိုးရေးလုပ်ငန်း တစ်ခုလုံးပါ ထိခိုက်လာနိုင်သဖြင့် စိုးရိမ်နေရသည့် အခြေအေနေနှင့် ရင်ဆိုင်ရနိုင် ကြောင်း   တောင်သူများက ထောက်ပြပြောဆိုကြသည်။

“ကျွန်တော်တို့မှာ ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်နိုင်ဖို့အတွက် အရေးကြီးနေပါတယ်။ လယ်သမားတွေ ဘက်က အခက်အခဲတွေ ရှိနေတာကြောင့် ငွေဆပ်ရမဲ့နေ့ကိုလည်း စောင့်ဆိုင်းပေးစေ ချင်ပါတယ်။ စပါးဝယ်သူ တွေသာ ရှိမယ်ရှိဆိုရင် ကျွန်တော်တို့ လယ်သမားတွေလည်း ပြေလည်နိုင်မှာပါ”ဟု ဦးလှအောင်စိန်က ဆက်လက်ပြောသည်။

ယခုနောက်ပိုင်းကာလတွင် တောင်သူများရင်ဆိုင်နေကြရသည့် အဓိကပြဿနာမှာ လယ်ယာလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ရန်အတွက် အလုပ်သမားရှားပါးခြင်း၊ အခကြေးငွေများ တိုးမြင့်ပေးဆောင်လာရခြင်း၊ စရိတ်စကများ  မြင့်တက်လာခြင်းအပြင် စပါးဈေးကောင်း မရသည့်အတွက် တချို့မှာ မိသားစု စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့လာကြရခြင်း ဖြစ်သည်။

ယင်းအပြင် မြန်မာ့စိုက်ပျိုးရေးနှင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားခဲ့သည့် ငွေများကို ပြန်ဆပ်နိုင်ရန် ဒေသတွင်း စပါးဈေးကွက်ကို ပြန်လည်ရှင်သန်လာအောင် ပြုလုပ်ပေးရန်အတွက် အစိုးရအား တောင်သူများက ယခုကဲ့သို့ တိုက်တွန်းတောင်းဆို နေကြခြင်းဖြစ်ကြောင်း သိရသည်။

“စပါးဈေးကောင်းမရတော့ နှစ်တိုင်းလို အရောင်းအဝယ်မဖြစ်ဘူး။ ဈေးကပုံမှန်မဟုတ်တော့ ကျွန်တော်တို့ လည်း ဈေးကျနေတယ်ဆိုပြီး မစွန့်ရဲ့ဘူးပေါ့။ အခုလိုဖြစ်နေတာကို လယ်သမားတွေ တောင်းဆိုနေကြသလို အစိုးရအနေနဲ့ တာဝန်ယူပြီး လုပ်ပေးဖို့ကောင်းပါတယ်”ဟု စပါးသိုလှောင်ရောင်းချသူ ဦးမြင့်ထွန်းက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ် စပါးဈေးကျဆင်းနေမှုကြောင့် ဆန်စပါးလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြသည့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က စပါးဈေးမကောင်းပေမဲ့ ဝယ်ယူသူတွေရှိပါတယ်။ ဒီနှစ်မှာတော့ ဈေးကောင်းလည်းမရဘူး။ ဝယ်မဲ့သူ လည်းမရှိဘူး။ လက်ထဲမှာရှိနေတဲ့ စပါးတွေကိုဘယ်နေရာ သွားရောင်းမှာလဲ။ နောက်တစ်ခုက ချေးငွေကိုပြန် သွင်းရတော့မှာ။ စပါးတွေရောင်းမထွက်တော့ ပေးစရာငွေမရှိဘူး ဖြစ်နေကြပါတယ်။’’ တောင်သူ ဦးသိန်းကျော် ကပြောသည်။

ယခင်နှစ်က မြောက်ဦးအပြင် ရခိုင်ပြည်နယ်၏ စပါးဈေးမှာ ကျဆင်းနေခဲ့သော်လည်း တောင်းတစ်ရာလျှင် ၁ သိန်းခွဲမှ ၂ သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့ပြီး ယခုနှစ် စပါးပေါ်ချိန်တွင် တောင်းတစ်ရာလျှင် ကျပ်တစ်သိန်း နှစ်သောင်း သာဈေးပေါက်ခဲ့ပြီး ယခုအခါ ဝယ်လက်များမရှိသည့်အတွက် ဈေးကွက်တစ်ခုလုံး ရပ်တန့်လျှက်ရှိ ကြောင်း သိရသည်။

ထို့ကြောင့် တောင်သူများအနေဖြင့် ရိတ်သိမ်းထားသော စပါးများအား ပြန်လည်ရောင်း ချနိုင်ရေးနှင့် ရင်ဆိုင်နေ ကြရသည့် ဆုံးရှုံးမှုပမာဏ လျော့နည်းစေရေး အတွက် နိုင်ငံတော်သမ္မတထံသို့ စာပို့တောင်းဆိုထားပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား အသိပေးသည့်အနေဖြင့် ဆန္ဒဖော်ထုတ်မှုကို ယခုလ ၂၅ ရက်နေ့တွင်  ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly