အပစ်မရပ် တိုင်းရင်းသား အဖွဲ့များ၏ ပန်ခမ်း ညီလာခံတွင် နိုင်ငံရေး စာတမ်းများ ဖတ်ကြား

အပစ်မရပ် တိုင်းရင်းသား အဖွဲ့များ၏ ပန်ခမ်း ညီလာခံတွင် နိုင်ငံရေး စာတမ်းများ ဖတ်ကြား

ချင်းမိုင်၊ဖေဖော်ဝါရီလ ၂၃ ။            ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် တေ်ာလှန်ရေး အဖွဲ့အစည်းများ၏ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSP/UWSA) ဌာနချုပ်၊ ပန်ခမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်ကျင်းပနေသည်။

ပထမနေ့ အစည်းအဝေးတွင် တက်ရောက်လာသော အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များက နိုင်ငံရေး စာတမ်းများ တင်သွင်းခဲ့သည်ဟု ညီလာခံတက်ရောက်နေသော   ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

“အဓိက စာတမ်းတွေပဲ တင်ကြတယ်။ အဖွဲ့အစည်းအသီးသီးက တင်ဖို့ပြောထားတဲ့ နိုင်ငံရေးစာတမ်းတွေ တင်သွင်းကြပါတယ်။ တစ်နေကုန်သွားပါတယ်။ ဘာမှမဆွေးနွေးရသေးဘူး၊ မွန်၊ ကရင်နီက မတက်နိုင်ပေမဲ့ စာတမ်းတွေ တင်သွင်းကြပါတယ်”ဟု သူက ပြောသည်။ 

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ယမန်နေ့က တင်သွင်းသည့်စာတမ်းများအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးကြမည် ဖြစ်ကြောင်း သူက ပြောသည်။

“စာတမ်းတွေကတော့ NCA အပေါ်မှာ တင်တဲ့ အမြင်သဘောထားတွေ၊ ပင်လုံအပေါ် မြင်တဲ့သဘောထားတွေ၊ နိုင်ငံရေး ဆွေးနွေးမှုမှာ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတဲ့အခြေခံတွေ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဆွေးနွေးကြမှာပါ”ဟု သူက ဆက်ပြောသည်။

ဖိတ်ကြားထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ကို ဖိတ်ကြားထားရာမှ ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်နေပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့သည် တက်ရောက်နိုင်ခြင်း မရှိသော်လည်း စာတမ်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (MNDAA)၊ ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSA/NDAA)၊ ရက္ခိုင့် တပ်မတော်(ULA/AA)တို့ အပါအဝင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

UWSP/UWSA က ကမကထ ပြုလုပ်သော ထိုအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့ထိ သုံးရက်ကြာ ကျင်းမည် ဖြစ်ပြီး ယင်း မျက်နှာစုံညီအစည်းအဝေးတွင် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနှင့် ပတ်သက်သည့်အမြင်သဘောထားနှင့် ရပ်တည်ချက်များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)သည် လာမည့် မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags