ရန်ကုန်မှ တိမ်းရှောင်လာသော တရားခံပြေး မင်းဘူးမြို့၌ ဖမ်းဆီးရမိခဲ့

ရန်ကုန်မှ တိမ်းရှောင်လာသော တရားခံပြေး မင်းဘူးမြို့၌ ဖမ်းဆီးရမိခဲ့

ဖေဖော်ဝါရီ ၂၃ ။          ။ မူးယစ်ဆေးဝါးအမှု၊ လုယက်မှုတို့ဖြင့် တရားခံပြေးအဖြစ် ကြေညာခြင်းခံထားသူ နဂါးလေး(ခ)အောင်နိင်မြင့်အား ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း ၈နာရီ ၃၀ မိနစ်ခန့်က မင်းဘူးမြို့အမှတ်(၄) ရပ်ကွက်၊ မကျီးချောင်းရပ်ရှိ အိမ်အမှတ်(၁၂၄၄) တွင် လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရကြောင်း မင်းဘူးမြို့၊ မြို့မရဲစခန်းမှ သိရှိရသည်။

“မနေ့ကအထိ သူ့ကို မဖမ်းမိသေးဘူးလို့ သိရတယ် ။ ရန်ကုန်ရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးဖို့ အကူအညီတောင်းတယ်။ မကွေးတိုင်းရဲတပ်ဖွဲ့၊ မင်းဘူးခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့အပါအဝင် ကျွန်တော်ရယ်၊ ရပ်ကွက်ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး မကျီးချောင်းရပ်မှာရှိတဲ့ သူ့မိန်းမအဒေါ် ဒေါ်ချိုပြုံးအိမ်မှာ ကျွန်တော်တို့ လုံးထွေးသတ်ပုတ်ဖမ်းဆီးရပါတယ်။ အခုလို လုံးထွေးသတ်ပုတ် ဖမ်းဆီးရပေမယ့် ဘယ်သူမှ ထိခိုက်အနာတရ မဖြစ်ကြပါဘူး။ သူ့ကို မိတော့ ဘာလက်နက်မှ မတွေ့ဘူး။ ဖုန်း ၅ လုံးရယ်၊ သူစီးလာတဲ့ Honda Fit အပြာရောင် ယာဉ် ၁ စီးရယ်၊ သိမ်းဆည်းရပါတယ်” ဟု အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူ း ဦးစိန်သောင်းက မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ တရားခံပြေးဖြစ်သူ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ နဂါးလေး(ခ)အောင်နိင်မြင့် (၃၄)နှစ်၊(ဘ)ဦးဝင်းနိင်သည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊၂၀ ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဖရားလမ်းဆုံအနီးရှိ ကားဝပ်ရှော့သို့ 5D-3753X-TRAILအမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုတပ်ခွဲမှုခင်းအကူဌာနစုတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးစဉ် နဂါးလေးက ရဲတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်များကို ၎င်းမောင်းနှင်လာသော   မော်တော်ယာဉ်ဖြင့်တိုက်ပြီး ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

အောင်နိုင်မြင့်ကို ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက “ ဟုတ်ပါတယ် ဖမ်းမိတာ သတင်းထုတ်ပြန်ထားပါတယ် “ ဟု ပြောသည်။

၎င်း ထွက်ပြေးခဲ့သည့် X-Trail အမျိုးအစားမော်တော်ယာဉ်ကို ဒဂုံမြိ့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ကျည်စုအနောက်ကွင်းရှိ လယ်ကွင်းအလယ်မြေသားလမ်းပေါ်တွင်တွေ့ရှိပြီး တစ်ပတ်အကြာတွင်  မင်းဘူး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နဂါးလေး (ခေါ်)အောင်နိုင်မြင့်အား ယ(ပ)၁၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂အမှုမှ တရားခံပြေးအဖြစ် အမှုဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါ တရားခံပြေး နဂါးလေး(ခ)အောင်နိင်မြင့်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူ းရုံး မှုခင်းအကူဌာန ဒုရဲမှူးညီပုဦးဆောင်သော ရဲတပ်ဖွဲ့မှ ရန်ကုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly