အပြောင်းအရွှေ့အတွက်ဆွေးနွေးရန် ရွန်နီ၏ အေးဂျင့် တရုတ်တွင်ရောက်နေ

အပြောင်းအရွှေ့အတွက်ဆွေးနွေးရန် ရွန်နီ၏ အေးဂျင့် တရုတ်တွင်ရောက်နေ

ဖေဖော်ဝါရီ ၂၃၊ တရုတ်။ ။             ။ ဝိန်းရွန်နီ၏ အေးဂျင့်ပေါလ်စထရက်ဖို့ဒ်သည် အကယ်၍မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အသင်းမှထွက်ခွာခဲ့ပါက အပြောင်းအရွှေ့ကိစ္စဆွေးနွေးနိုင်ရန် တရုတ်တွင်ရောက်ရှိနေသည်။

တရုတ်အပြောင်းအရွှေ့ဈေးကွက်ပိတ်မည့်ဖေဖော်ဝါရီ ၂၈ မတိုင်မီ အပြောင်းအရွှေ့ကိစ္စအထမြောက်အောင်မြင်မည်ဟု သေချာ ပေါက်ယူဆနိုင်မည်မဟုတ်သော်လည်း တရုတ်တွင်စထရက်ဖို့ဒ်ရောက်ရှိနေခြင်းမှာမူ ယူနိုက်တက်နည်းပြမော်ရင်ဟိုအနေဖြင့် အသက် ၃၁ အရွယ်ရွန်နီကို ထွက်ခွာခွင့်ပြုမည့် သဘောသက်ရောက်နေသည်။

အကယ်၍ယခုလအတွင်းအသင်းပြောင်းနိုင်ခြင်းမရှိသည့်တိုင် နွေရာသီတွင် သေချာပေါက်ထွက်ခွာတော့မည်ဟု ယူဆစရာဖြစ် နေသည်။

ရွန်နီသည် မော်ရင်ဟိုလက်ထက်တွင် ယူနိုက်တက်၌ ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေသည်။ မည်သည့်အသင်းနှင့် စထရက်ဖို့ဒ် ဆွေးနွေးနေသည်ကိုမသိရသေးသော်လည်း အင်္ဂလန်အသင်းခေါင်းဆောင်ကို တရုတ်စူပါလိဂ်က စိတ်ဝင်စားနေသည်ဟု သတင်းများမကြာခဏထွက်ပေါ်နေသည်။

ပေကျင်းကွေအန်းအသင်းသည် ရွန်နီကိုစာချုပ်နိုင်မည့်အသင်းအဖြစ်ရေပန်းစားနေသော်လည်း ယင်းအသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ၎င်းတို့အနေဖြင့်စာချုပ်ရန်စိတ်ဝင်စားခြင်းမရှိဟု ဘီဘီစီသို့ပြောသည်။

ပြည်ပကစားသမားခေါ်ယူမှုကိုကန့်သတ်သည့်စည်းမျဉ်းသစ်ကြောင့် ကျန်းစုဆုနင်အသင်းနှင့် တီယန်ကျင်း ကွေအန်းကျီအန် အသင်းတို့ကသာ ခေါ်ယူနိုင်သည့်အခြေအနေမျိုးလည်းဖြစ်နေသည်။

သို့သော် ရွန်နီ၏အေးဂျင့်များသည် တီယန်ကျင်း ကွေအန်းကျီအန်းအသင်းနည်းပြ ဖေဘီယို ကန်နာဗားရိုးနှင့်ဆွေးနွေးခဲ့ပြီးဖြစ်ပြီး အခြေအနေတိုးတက်မှုမရှိကြောင်း ပြောဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly