အာဆင်နယ်မှ ထွက်ခွာဖြစ်လျှင်တောင် တရုတ်သို့သွားမည်မဟုတ်ဟု အာစင်ဝင်းဂါး ပြော

အာဆင်နယ်မှ ထွက်ခွာဖြစ်လျှင်တောင် တရုတ်သို့သွားမည်မဟုတ်ဟု အာစင်ဝင်းဂါး ပြော

ဖေဖော်ဝါရီ ၂၃၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းမှထွက်ခွာတော့မည်ဟု သတင်းကြီးနေသည့် နည်းပြအာစင်ဝင်းဂါးက ၎င်းအနေဖြင့် အမ်းမရိတ်ကွင်းကြီးအား စွန့်ခွာဖြစ်ခဲ့လျှင်တောင် တရုတ်သို့သွားမည်မဟုတ်ဘဲ ဥရောပအသင်းတစ်သင်းတွင်သာ နည်းပြသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းနှင့် အာစင်ဝင်းဂါးတို့ ချုပ်ဆိုထားသော စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ယခုနှစ်ရာသီတွင် အာဆင်နယ်အသင်း၏ဆိုးရွားနေသည့် အခြေအနေများကြောင့် ပရိသတ်များမှာ အပြောင်းအလဲပြုလုပ်ရန် အလိုရှိနေကြသည်။

ဆုဖလားလက်မဲ့ဖြစ်သွားနိုင်သည့် အသင်း၏ အခြေအနေကို အာဆင်နယ်အသင်းရော အာစင်ဝင်းဂါးတို့ပါ စောင့်ကြည့်နေကြပြီး ပြင်သစ်လူမျိုးနည်းပြကြီး၏ အနာဂတ်မှာ မသေမချာ ဖြစ်လျက်ရှိသည်။

လက်ရှိတွင် ငွေကြေးများစွာသုံးစွဲနိုင်သည့် တရုတ်စူပါလိဂ်အသင်းများသည် ဝင်းဂါးကဲ့သို့ သမိုင်းကြောင်းကောင်းသော နည်းပြမျိုးကို အလိုရှိနေပြီး လက်ရှိရရှိနေသော လစာငွေထက်များစွာပိုပေးရန်လည်း အသင့်ရှိနေကြသည်။

သို့သော် ဝင်းဂါးက ပြိုင်ဆိုင်မှုပြင်းထန်သည့် ဥရောပဘောလုံးပြိုင်ပွဲများ၌သာ ဆက်လက်နည်းပြသွားလိုလျက်ရှိသည်။ ဥရောပ၏ထိပ်သီးအသင်းကြီးများဖြစ်သော ရီးယဲလ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းများမှာ ဝင်းဂါးကို ခေါ်ယူလိုခဲ့ဖူးသည့် အသင်းများဖြစ်ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly