နိုင်ငံသားမဟုတ်သူများပိုင်မြေများအား သိမ်းဆည်းပြီး နိုင်ငံသားများအား လယ်လုပ်ခွင့်ပေးရေးအဆို တင်သွင်းမည်

နိုင်ငံသားမဟုတ်သူများပိုင်မြေများအား သိမ်းဆည်းပြီး နိုင်ငံသားများအား လယ်လုပ်ခွင့်ပေးရေးအဆို တင်သွင်းမည်
ဓာတ်ပုံ-မင်းမျိုးနွယ်

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂ ။              ။ ပြဌာန်းဥပဒေများနှင့် ဆန့်ကျင်ကာ နိုင်ငံသားမဟုတ်သူများ၊ သိမ်းဆည်းခံမြေယာများ ပိုင်ဆိုင်လျှက်ရှိသည့်လယ်မြေနှင့် အခြားမြေများအား   နိုင်ငံတော်မှပြန်လည်သိမ်းဆည်းကာ လယ်ယာမဲ့နိုင်ငံသားများအား ပြန်လည်လုပ်ပိုင်ခွင့်ပေးရေးအဆိုကို ယခုကျင်းပလျှက်ရှိသည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း မြေပုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောသည်။

အဆိုပါ အဆိုကိုတင်သွင်းရန်အတွက် စီစဉ်ရခြင်းမှာ နိုင်ငံသားမဟုတ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တပ်မတော်မှ သိမ်းဆည်းထားသည့် လယ်မြေများအပြင် နိုင်ငံသားမဟုတ်သူများ ပိုင်ဆိုင်လျှက်ရှိသည့် လယ်မြေများမှာ မတရားသဖြင့် ပိုင်ဆိုင်နေခြင်းသာဖြစ်ပြီး ယင်းမြေများအား ပြန်လည်သိမ်းဆည်းကာ နိုင်ငံသားလယ်သမားများ၏ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး တင်သွင်းရန်ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ဘာကြောင့်လဲဆိုတော့ ဥပဒေမှာက လယ်ယာမြေပိုင်ဆိုင်ခွင့်ရတဲ့သူတွေက နိုင်ငံသားတွေ ပဲဖြစ်ပါတယ်။ နိုင်ငံသား မဟုတ်သူတွေက ပိုင်ဆိုင်ခွင့်မရှိဘူး။ အခုဟာက နိုင်ငံသားဟုတ်လား မဟုတ်လားမသိဘူး။  အဲဒီလူတွေလက်ထဲကို လယ်ယာမြေတွေနဲ့ အခြားမြေတွေရောက်နေ တယ်။ ဒါတွေကိုနိုင်ငံတော်ကပြန်သိမ်းပြီးတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ တောသူတောင် သားတွေကို ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့လိုအပ်ပါတယ်”ဟု မြေပုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ လွှတ်တော်မြေယာစိစစ်ရေး အဖွဲ့ ခေါင်းဆောင် လည်း ဖြစ်သော ဦးအောင်ဝင်းက ပြောသည်။

သို့မှာသာလျင် လက်ရှိဖြစ်ပွားလျှက်ရှိနေသော လယ်ယာမြေပြဿနာများကို ဖြေရှင်းသည့် အခါမှာ ဒေသခံများ၏ အလုပ်လက်မဲ့ပြဿနာများကို ဖြေရှင်းပေးရာလည်းရောက် ပြီး ပြဌာန်းဥပဒေဖြစ်သော လယ်ယာမြေနှင့်အခြားမြေများ ဥပဒေကိုလည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာရောက် ကြောင်း၎င်းကပြောသည်။

“နိုင်ငံခြားသားတွေက မြေယာပိုင်ဆိုင်ခွင့်မရှိဘူး။ နိုင်ငံသားတွေကသာပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဥပဒေမှာတိတိကျကျ ဖော်ပြထားပေမဲ့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီကိစ္စတွေကို အကောင် အထည်ဖော်တဲ့နေရာမှာ တော်တော်လေးကို အားနည်းတယ်လို့ မြင်ပါတယ်။ လယ်ယာမြေနဲ့ အခြားမြေတွေဆုံးရှုံးမှု ဖြစ်ပွားနေပါတယ်။”ဟု သူကပြောသည်။

ယင်းအပြင် စစ်တပ်မှသိမ်းဆည်းထားသည့် လယ်ယာမြေများအား ပြန်လည်စွန့်လွှတ်ပေးရန် အတွက် တောင်းဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း စွန့်လွှတ်ခြင်းမရှိကြောင်း အလုပ်လက်မဲ့ပြဿနာများကြောင့် နေရပ်စွန့်ခွာသွားလာပြီး အလုပ်အကိုင်ရှာဖွေနေကြရသည့် အခက်အခဲများလည်း များပြားလာနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်ထားသည့် လယ်ယာမြေဧကပေါင်း ၂ သန်းကျော်ခန့် ရှိကြောင်း၊ တပ်မတော်မှ သိမ်းဆည်းထားသည့်မြေဧက ၁ သိန်းခန့်နှင့် နိုင်ငံသား မဟုတ်သူများ ပိုင်ဆိုင်လျှက်ရှိနေသည့် မြေဧကပေါင်း ၁ သိန်းကျော်ရှိနေကာ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်အစိုးရ၏ စိစစ်ဖြေရှင်းပေးခဲ့သည့် အမှုတွဲ ၃၀၀ ရှိသည့်အနက် ၇၀ ကျော်ကိုသာဖြေရှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ ခိုင်လင်းစံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly