သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ခွင့်ကို ခါတိုင်းထက်စော၍ ခွင့်ပြုမည်ဟု တိုင်းဝန်ကြီးချုပ်ပြော

သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ခွင့်ကို ခါတိုင်းထက်စော၍ ခွင့်ပြုမည်ဟု တိုင်းဝန်ကြီးချုပ်ပြော
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၂ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် စော၍ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

“သြင်္ကန်ကိုတော့ ကျွန်တော်တို့ အချိန်စောစော ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အနုပညာသည်တွေအတွက်လည်း စာချုပ်စာတမ်း ချုပ်ဆိုရမယ်ဆိုတော့ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ဒီလိုပွဲတော်ကြီးတွေကြမှ သူတို့ ပိုက်ဆံရတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

 ထို့ပြင် ယမန်နှစ်က သြင်္ကန်မဏ္ဍပ်လက်မှတ် ရောင်းစားခြင်းကိစ္စများကိုပါ တိုင်းဝန်ကြီးချုပ်က ပြောခဲ့သေးသည်။

“ဒီအတွက်လည်း အဆင်ပြေချော့မွေအောင် တည်ဆောက်ရေးလုပ်မယ်ဆိုတဲ့ သူတွေလည်း မနှစ်တုန်းကလို့မျိုးပေါ့နော် ။ မြေတွေကို ဈေးကြီးတွေနဲ့ ငှား၊ ငှားပြီးတော့မှ လက်မှတ်ရောင်းစားတဲ့ ဟာမျိုးမဟုတ်တော့ဘဲနဲ့ ဖြစ်အောင် ကျွန်တော်တို့ ဒီအခြေအနေတွေကို ကြိုးစားဆောင်ရွက်ဖို့ အတွက် ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပါတယ် ”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 အဆိုပါ သြင်္ကန်မဏ္ဍပ်များအား ယခင်နှစ်ထက် စော၍ ဆောက်လုပ်ခွင့်ပေးရန် ရည်ရွယ်ထားသည့် အကြောင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

 ထို့ပြင် သြင်္ကန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးခဈေးနှုန်းများ တိုးကောက်ခံခြင်း မရှိစေရေးနှင့် မီးရထားခရီးစဉ်၊ လေကြောင်းခရီးစဉ်များအတွက် အခက်အခဲ မရှိစေရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သြင်္ကန်အစည်းအဝေးပြုလုပ်ခဲ့ပြီး ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သြင်္ကန်မဏ္ဍပ်များကို ဝင်းအတွင်း ပြုလုပ်မည်ဆိုပါကလည်း သီးခြားခွင့်ပြုပေး သွားမည်ဖြစ်သည့်အပြင် ယခင်နှစ်များကဲ့သို့ ယခုနှစ်သြင်္ကန်တော်ကိုလည်း ခရိုင် ၄ ခရိုင်တွင် မဏ္ဍပ်ကြီး ၄ ခုနှင့် အတူ ရန်ကုန်မြို့တော်ဝန်ဗဟိုမဏ္ဍပ်ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly