ဆိုးဆေးပါ ငါးပိများ နောက်တစ်ရာသီတွင် စျေးကွက်ထဲ လုံးဝကင်းစင်နိုင်မည်ဟု ဆို

ဆိုးဆေးပါ ငါးပိများ နောက်တစ်ရာသီတွင် စျေးကွက်ထဲ လုံးဝကင်းစင်နိုင်မည်ဟု ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။               ။ ခွင့်ပြုချက်မရှိသော ဆိုးဆေးအသုံးပြုငါးပိများကို နောက်တစ်ရာသီခန့်တွင် ဈေးကွက်ထဲမှ အရှင်းပျောက်သွားနိုင်မည်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) မှ ညွန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပခဲ့သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) က ပြုလုပ်သော အစားအသောက်နှင့် လူသုံးကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာပြပွဲတွင် ပြောသွားခဲ့ခြင်းဖြစ်သည်။

"နှစ်နှစ်တာကာလလောက် အတောတွင်း သိသိသာသာ ကျဆင်းသွားတယ်။ ငါးပိက သူ့ရာသီနဲ့သူလာတာ၊ အခု နှစ်ရာသီစာလောက်မှာ သိသိသာသာ ကျဆင်းသွားတယ်။ နောက်တစ်ရာသီလောက်ဆိုရင် ငါးပိက ဆိုးဆေးလုံးဝကင်းစင်တဲ့ အခြေအနေ ရောက်သွားနိုင်တယ်" ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောသည်။

ဈေးကွက်ထဲတွင်ရှိသည့် ဘေးအန္တရာယ်ရှိ အစားအသောက်များကို ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ရေး အစီအစဉ်ဖြင့် ပုံမှန်စောင့်ကြည့်နေကြောင်း ဒေါက်တာထွန်းဇော်သက်ကပြောသည်။

ယခုလက်ရှိတွင် ပညာပေးခြင်းနှင့် အရေးယူမှုပြုလုပ်ခြင်းဟူ၍ အစီစဉ်ကဏ္ဍနှစ်ရပ်နှင့် ဆောင်ရွက်နေပြီး စီမံခန့်ခွဲမှုနှင့် အရေးယူရာတွင် ပစ္စည်းများကို သိမ်းဆည်းဖျက်ဆီးပြီး၊ ရောင်းချသည့် ဆိုင်များ၊ တစ်ဆင့်ခံရောင်းချသည့် ဆိုင်များအထိ အဆင့်ဆင့် အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။

FDA မှ စိမ်းစားငါးပိနှင့် အသင့်စားငါးပိ အမျိုးအစားပေါင်း ၁၀၁ မျိုးထဲမှ ၇၉ မျိုးတွင် ကင်ဆာ ဖြစ်စေနိုင်သော ဆိုးဆေးများပါဝင်နေ၍ စားသုံးရန်မသင့်ကြောင်း ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်လည်း ငါးပိများ၌ ယူရီးယားဓါတ်မြေသြဇာများ ပါဝင်နေကြောင်း စားသုံးသူကာကွယ်ရေးအသင်းမှ  ထုတ်ပြန်ချက်အပေါ် FDA က စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ယနေ့ပွဲတွင် ဆိုးဆေးပါ အစားအသောက်များ အကြောင်း၊ စပ်ဆေးနှင့် ဆေးဝါးများအကြောင်း၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူထုအသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။

အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာပြပွဲနှင့် လူထုပညာပေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ  ၂၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အစားအသောက်၊ ဆေးဝါးဆိုင်ရာကုမ္ပဏီများ၊ အလှကုန်ကုမ္ပဏီများနှင့် FDA ပြခန်းများ အပါဝင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags