အနုပညာရှင်များစွာနဲ့ အားဖြည့်ထားတဲ့ ၀ါဆိုမိုးဦးရဲ့ မိုက်လားပြောကြည့်

အနုပညာရှင်များစွာနဲ့ အားဖြည့်ထားတဲ့ ၀ါဆိုမိုးဦးရဲ့ မိုက်လားပြောကြည့်

ကလေးအရွယ်ထဲက ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်များသိထားသည့် ဝါဆိုမိုးဦးက သရုပ်ဆောင်ခြင်းအပြင် သူမ၏ ပထမဆုံးတစ်ကိုယ်တော်ခွေဖြစ်သည့် “မိုက်လားပြောကြည့်” CD/DVD တေးစီးရီးကို မတ်လ ၂ရက်နေ့တွင် ပရိသတ်လက်ထဲ ထည့်ပေးတော့မည် ဖြစ်ပါသည်။

“မိုက်လားပြောကြည့်” အခွေကို ပရိသတ်များအားလုံး တတ်နိုင်မည့်ဈေးနှုန်းဖြင့် ဖြန့်ချိမည်ဖြစ်သည်ဟု ယနေ့ နေ့လည်က ရန်ကုန်မြို့ Sule Shangari-La ဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြောသွားခဲ့သည်။

“နှစ်ထောင်ပေါ့ ၊ ပရိသတ်တွေအားလုံးကြည့်လို့ရအောင် နှစ်ထောင်ပဲ သတ်မှတ်ထားပါတယ်။ အခွေဈေးနှုန်းကိုပေါ့နော်။ နှစ်ထောင်ကတော့ ပရိသတ်ကြီးလည်း သိမှာပါ၊ အရမ်းဈေးချိုပါတယ်၊ တစ်ချို့အခွေတွေဆိုရင် ဝါဆို ဈေးကွက်လေ့လာမှုအရ ၂၅၀၀၊၂၆၀၀ နဲ့ရောင်းကြတဲ့သူတွေရှိတယ် DVD ကို၊ ဒါပေမယ့် ဝါဆို နှစ်ထောင်နဲ့ပဲရောင်းပါတယ်လို့”ဟု အဆိုတော်၊ သရုပ်ဆောင် ဝါဆိုမိုးဦးက ပြောသည်။

“မိုက်လားပြောကြည့်” အခွေထဲတွင် အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း(Examplez)၊ ဖြိုးလေးနှင့် စန္ဒီမြင့်လွင်တို့မှ Featuring သီဆိုပေးထားပြီး “မိုက်လားပြောကြည့်” ဆိုသည့် Title သီချင်းကို စန္ဒီမြင့်လွင်မှ Featuring သီဆိုပေးထားသည်။

“သဘောကျပါတယ် ၊ ကိုယ်ဆိုထားတာရော သူဆိုထားတာရော သီချင်းတစ်ပုဒ်လုံးက ကိုဖြိုးလေးက တာဝန်ယူပြီး လုပ်ပေးထားတဲ့အတွက်ကြောင့် တကယ့်သီချင်းကောင်းတစ်ပုဒ်ပါ။ ရိုက်ထားတဲ့နေရာမှာလည်း ကိုဝင်းလွင်ထက်က ရိုက်ပေးထားတယ်။ ပြန်ကြည့်တော့လည်း တော်တော်လေးကောင်းပါတယ်။ Quality လည်း ကောင်းတယ်။ သူ တကယ်လုပ်နိုင်တယ်ဆိုတာကိုလည်း ယုံကြည်လို့လည်း ဝင်ဆိုပေးခဲ့တာပါ” ဟု အဆိုတော် စန္ဒီမြင့်လွင်မှ ပြောသည်။

သီချင်းများကို ရွှေဂျော်ဂျော်၊ ဆလိုင်း၊ ယုန်လေး၊ နေဝင်း(Snare)၊ ဖြိုးလေး(Snare)၊ သားသား၊ ရွှေထူး၊ G Fatt နှင့် အခြားတေးရေးဆရာများမှ ရေးဖွဲ့ပေးထားခြင်းဖြစ်သည်။ သရုပ်ဆောင်များစွာ အားဖြည့်ထားပြီး အချိန်အများကြီးယူကာ ပြင်ဆင်ထားသည်ဟု သိရသည်။

ဝါဆိုမိုးဦး၏ “မိုက်လားပြောကြည့်” CD/DVD အခွေကို မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီတွင် ထွက်ရှိမည်ဖြစ်ပြီး ရန်ကုန်မြို့လှည်းတန်းစင်တာတွင် ပရိုမိုးရှင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly