ကျောင်းသားသမဂ္ဂ အဆောက်အအုံပြန်လည်တည်ဆောက်ရေးကော်မတီ ဖွဲ့စည်းရေးအဖွဲ့ကို စတင်ဖွဲ့စည်း

ကျောင်းသားသမဂ္ဂ အဆောက်အအုံပြန်လည်တည်ဆောက်ရေးကော်မတီ ဖွဲ့စည်းရေးအဖွဲ့ကို စတင်ဖွဲ့စည်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။          ။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က ဒိုင်းနမိုက်ဖြင့် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ရန် ဖွဲ့စည်းရေးအဖွဲ့ကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် NLD ရုံးချုပ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ သမိုင်းဝင်အဆောက်အအုံပြန်တည်ဆောက်ရေးအဖြစ် ဖြစ်မြောက်ရေးအဖွဲ့ ယာယီဖွဲ့စည်းခြင်းဟု ၉၆-၉၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစိုးထွန်းက ပြောသည်။

“ တ.က.တ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲစည်းရေးအဖွဲ့ ဆိုပြီး ဒီနေ့ ၂၁ ယောက်နဲ့ ဖွဲ့လိုက်တယ် ။ ဒီအဖွဲ့အစည်းက ဖြစ်မြောက်ရေးအဖွဲ့၊ ဖြစ်မြောက်ရေးဖြစ်ဖို့ လုပ်တာပဲလေ။  ဒီဖြစ်မြောက်ရေးအဖွဲ့ကနေ ဆက်ပြီးတော့သွားမှာ ၊ဒါ ယာယီပဲ ။ နောက်မှ ကော်မတီကမှ အလုပ်လုပ်မှာပေါ့နော် “ ဟု ၉၆-၉၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစိုးထွန်းကပြောဆိုသည်။

သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်အချို့ ယနေ့တွေ့ဆုံဆွေးနွေးအပြီး  ပြောခဲ့ခြင်း ဖြစ်သည်။

တ.က.တ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီဖွဲ့စည်းရာတွင် လက်ရှိကျောင်းသားသမဂ္ဂများ၊ မျိုးဆက်အသီးသီးမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး ဖေဖော်ဝါရီ ၂၈ ရက် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် အစည်းအဝေး ခေါ်ယူဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။

အဆောက်အအုံကိုပြန်လည်တည်ဆောက်ရာတွင်လည်း တ.က.တ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီမှ ဦးဆောင်သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် ကူညီပံ့ပိုးမှုလောက်သာရှိမည်ဟု လက်ရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုဇေယျာလွင်ကပြောဆိုသည်။

“ အာဏာရှင်က ပုံသွင်းခဲ့တဲ့သရုပ်အနေနဲ့ ပြချင်တာရှိမယ်။ အဆောက်အဦကို အထပ်မြင့်ဆောက်ချင်တာ ရှိတယ် ။ဒီပုံစံအတိုင်းပဲ ဆောက်ချင်တာ ရှိတယ်။ ဒါတွေ အားလုံးကို   တွေ့ဆုံဆွေးနွေးပြီးဆုံးဖြတ်သွားမှာပါ။ လာမယ့် ၂၈ ရက်မှာ ဖွဲ့မဲ့ ကော်မတီက ဆုံးဖြတ်မှာပါ။ ဘယ်မှာဆောက်မှာလဲ။ ဘယ်ပုံစံဆောက်မှာလဲ ၊ ဘယ်တော့ဆောက်မှာလဲ၊ ဘယ်အချိန် အုတ်မြစ်ချမှာလဲ၊ ဘယ်သူတွေကိုပေးမှာလဲဆိုတဲ့ မေးခွန်းတွေကိုဖြေလို့မရပါဘူး။ ကော်မတီက အားလုံးဆုံးဖြတ်သွားမှာပါ” ဟု ကိုဇေယျာလွင်က ပြောဆိုသည်။

ရန်ကုန်ကျောင်းသားသမဂ္ဂ အဆောက်အအုံသည် တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖြိုချဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၅၅ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အဆောက်အအုံပြန်လည်တည်ဆောက်ရေးအတွက်  ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးပွဲကို ၈၈မျိုးဆက်မှ ကိုမြအေး၊ ကွန်ပျုတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် အပါအဝင် တက္ကသိုလ်တချို့က သမဂ္ဂအဖွဲ့ဝင်များနှင့် မျိုးဆက်အသီးသီးမှ သမဂ္ဂအဖွဲ့ဝင်အချို့ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly