ရန်ကုန် ဖေဖော်ဝါရီ ၂၂ ။ ။ ဆွီဒင်နိုင်ငံမှာ အသံသွင်းတီးခတ်ထားတဲ့ Big Bag ရဲ့ WOC (Weapon of choice) တေးအယ်လ်ဘမ်ထဲမှာ မြန်မာတေးသီချင်းတစ်ပုဒ်သာ ပါဝင်မှာ ဖြစ်တယ်လို့ Big Bag အဖွဲ့မှ ကျားပေါက်က ပြောပါတယ်။
“သီချင်းက ၁၁ ပုဒ်ပါမယ်။ မြန်မာလို ဆိုထားတာဆိုလို့ တစ်ပုဒ်ပဲပါမှာ။ အများစုက အင်္ဂလိပ်လို ဆိုထားတာ။ အဲဒီထဲက သီချင်းတော်တော်များများက ကျွန်တော်ရေးထားတာပါ” လို့ ပြောပါတယ်။
အင်္ဂလိပ်တေးသီချင်းအများစုပါဝင်တဲ့ အဆိုပါတေးအမ်လ်ဘမ်ကို နိုင်ငံတကာအထိကို ဖြန့်ချိဖို့ ရည်ရွယ်ထားပြီး မြန်မာနိုင်ငံက ပရိသတ်တွေအတွက်လည်း နားလည်လွယ်စေဖို့ ရေးသားထားကြောင်းကို ကျားပေါက်က အခုလိုပြောပါတယ်။
“ပထမက ကျွန်တော် ဆွီဒင်မှာက သီချင်းနှစ်ပုဒ်တည်း သွင်းမယ်ဆိုပြီးသွားတာ။ ဒါပေမယ့် ဟိုရောက်တော့မှ သူများအတွက်တွေပါ ဝင်ရေးပေးရင်းနဲ့ ကိုယ့်အတွက်လည်း ရေးလာခဲ့လိုက်တာ။ အဲဒါနဲ့ တစ်ခွေလုံးစာ သွင်းဖြစ်သွားတာပါ။ ဒီ WOC ကို World Wide အထိ သွားဖို့လောက်ထိတော့ ရည်ရွယ်ပါတယ်။ အင်္ဂလိပ်သီချင်းအများစုဖြစ်ပေမယ့် ကျွန်တော်တို့ဆီကလူတွေ နားလည်လောက်တဲ့ပုံစံပါပဲ။ ဒီမှာတောင် နိုင်ငံခြားက အင်္ဂလိပ်သီချင်းတွေတောင် နားထောင်နေကြသေးတာပဲ ။ အဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
Big Bag ရဲ့ WOC (Weapon of choice) တေးအယ်လ်ဘမ်ထဲတွင် သူကိုယ်တိုင်ရေးသားထားတဲ့ တေးသီချင်းတွေအပြင် ဗြိတိန်လူမျိုး၊ ဆွီဒင်လူမျိုးတို့ ပါဝင်ရေးသားထားပေးတဲ့ တေးသီချင်းများလည်း ပါဝင်မှာ ဖြစ်ပြီး မကြာခင်အချိန်မှာ ပရိသတ်လက်ထဲအရောက်ပို့ပေးနိုင်တော့မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကျားပေါက်က “ကျွန်တော်တို့ဘက်က တီးတာ၊ ဆိုတာ အကုန်ပြီးပြီ။ ဖြန့်ချိရေးပိုင်းကတော့ ကျွန်တော်လည်း သေချာမသိဘူး။ သိပ်မကြာခင်မှာတော့ သေချာပေါက်ထွက်ရှိတော့မှာပါ” လို့ပြောပါတယ်။
လက်ရှိမှာအဆိုတော် ကျားပေါက်က Big Bag အဖွဲ့ဝင်များနဲ့အတူ တေးစီးရီးများတွင် ပါဝင်တီးခတ်ပေးနေပြီး ဆက်လက်လည်း Big Bag အဖွဲ့ဝင်အဖြစ်နဲ့ အနုပညာအလုပ်များ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။