မိုက်ကယ်ဂျက်ဆင်၏ ခြေရာလိုက်နင်း၍ ဂီတနှင့် အသက်မွေးရန် အစီအစဉ်မရှိကြောင်း ပဲရစ်ဂျက်ဆင်ပြော

မိုက်ကယ်ဂျက်ဆင်၏ ခြေရာလိုက်နင်း၍ ဂီတနှင့် အသက်မွေးရန် အစီအစဉ်မရှိကြောင်း ပဲရစ်ဂျက်ဆင်ပြော

နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်သည့် မိုက်ကယ်ဂျက်ဆင်၏ သမီးဖြစ်သူ ပဲရစ်ဂျက်ဆန်အတွက် ဖခင်ဖြစ်သူ ၏ အမွေအနှစ်ကို ဆက်ခံ၍လုပ်ဆောင်သွားရန် လမ်းကြောင်းများစွာ ရှိနေသော်လည်း ထိုထဲကမှ သီချင်းဆိုခြင်းကို သူမ ရွေးချယ်မည် မဟုတ်ကြောင်း ပြောခဲ့သည်။

ကွယ်လွန်သွားပြီဖြစ်သော မိုက်ကယ်ဂျက်ဆင်၏ အကြီးဆုံးသမီးဖြစ်သူ ၁၈ နှစ်အရွယ်ရှိ ပဲရစ်ဂျက်ဆင်သည် ကာရင်းရိုက်ဖဲလ်၏ CR Fashion စာအုပ်အတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ကူးခဲ့စဉ်တွင် သူမ ရွေးချယ်သွားမည့် အသက်မွေးဝမ်းကြောင်း အစီအစဉ်အား ပြောကြားခဲ့ပြီး သီချင်းဆိုခြင်းကိုတော့လက်ရှိမှာ လုပ်ကိုင်သွားရန် မစီစဉ် ထားကြောင်းပြောခဲ့သည်။

“ကျွန်မ သီချင်းတွေ ကိုယ်တိုင် ရေးသားထားပါတယ်။ ဒါက ကျွန်မရဲ့စိတ်ရှုပ်စရာတွေကိုရှင်းဖို့ စိတ်ထွက်ပေါက်အနေ နဲ့ရေးတာပါ။ ဒါပေမယ့် လမ်းကြောင်းတစ်ခု အနေနဲ့ ဆက်သွားဖို့တော့ မမြင်မိပါဘူး။ ကျွန်မမိသားစုထဲမှာ အံ့သြစရာ ကောင်းလောက်တဲ့ အနုပညာရှင်တွေ ရှိပါတယ်။ ကျွန်မ ဂီတကို အသက်မွေးဝမ်းကြောင်းအနေနဲ့ လုပ်မိခဲ့မယ်ဆိုရင် ကျွန်မ ဂီတကို နားလည်ခံစားတဲ့ပုံစံ   ပြောင်းလဲသွားပါလိမ့်မယ်။ အဲ့ဒီလိုဖြစ်သွားမှာကိုကျွန်မ မလိုချင်ပါဘူး” ဟု လီဒန်နီရယ်လ်နှင့်အင်တာဗျူးတွင် ပြောခဲ့သည်။

သူမ၏ ဖခင်အတိုင်း နာမည်ကျော် အဆိုတော်ဖြစ်သွားဖို့ မရည်ရွယ်ထားသော်လည်း သူမ ဖခင်မှာ သူမအတွက် လေးစားအားကျရသ ူတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။

“သူဟာ ကျွန်မအတွက်တော့ လေးစားအားကျရသူတစ်ဦးပါ။ ကျွန်မရဲ့ စိတ်ကူးစိတ်သန်းတွေရဲ့ ၉၉ရာခိုင်နှုန်းလောက်ဟာ အဖေ့ဆီကလာတာပါ။ ဘာလို့လဲဆိုတော့ အဖေဟာ ကျွန်မအတွက်တော့ အမြဲတမ်း ကမ္ဘာကြီးတစ်ခုဖြစ်နေလို့ပါ” ဟု သူမက ပြောခဲ့သည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly