လက်ဝှေ့ထိုးရန် စီစဉ်ထားခြင်းမှ ခရစ္စဘရောင်း ရှောင်ထွက်သွားပြီဟု ဆိုးလ်ဂျားဘွိုင်းပြော

လက်ဝှေ့ထိုးရန် စီစဉ်ထားခြင်းမှ ခရစ္စဘရောင်း ရှောင်ထွက်သွားပြီဟု ဆိုးလ်ဂျားဘွိုင်းပြော

အဆိုတော် ခရစ္စဘရောင်းသည် ၎င်းတို့နှစ်ဦးသဘော တူထားသော လက်ဝှေ့ချိန်းထိုးရန် အစီအစဉ်မှ ရှောင်ထွက်သွားပြီဟု အဆိုတော်ဆိုးလ်ဂျားဘွိုင်းက အခိုင်အမာပြောခဲ့သည်။

ယင်း အဆိုတော်နှစ်ဦးသည် လူမှုမီဒီယာပေါ်၌ စတင်၍ ရန်စဖြစ်ပွားခဲ့ရာမှ လာ့စ်ဗီးဂပ်စ်မြို့တွင် သုံးချီတိတိလက် ဝှေ့ယှဉ်ထိုးမည်ဟု စီစဉ်ခဲ့ကြသော်လည်း ထိုးမည့်ရက် အတိအကျကိုတော့ ကြေညာခဲ့ခြင်းမရှိကြောင်း သိရသည်။

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်က ခရစ္စဘရောင်းအား လက်ဝှေ့သင်ကြားပေးနေခဲ့ပြီး ဆိုးလ်ဂျားဘွိုင်းကိုလည်း နာမည်ကျော်လက်ဝှေ့စတား ဖလွိုက်မေဝယ်လ်သာက သင်ကြားပေးနေခဲ့သည်။

သို့သော်လည်း ရက်ပ်အဆိုတော်ဆိုးလ်ဂျားဘွိုင်းက ဒေါ်လာ ၁ သန်း တန်ကြေးရှိသည့် သူတို့နှစ်ဦး၏ အာဃာတ များဖြင့် ထိုးသတ်မည့်လက်ဝှေ့ပွဲသည် ဖြစ်မြောက်တော့မည် မဟုတ်ကြောင်း တွစ်တာမှ ကြေညာခဲ့သည်။

“ခရစ္စဘရောင်းရဲ့ မန်နေဂျာက ကျွန်တော့မန်နေဂျာကို မနေ့ညက ဖုန်းခေါ်ပြီးတော့ လက်ဝှေ့ပွဲ မဖြစ်တော့ကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ သူတို့စာချုပ်မှာ လက်မှတ်မထိုးဖြစ်တဲ့အကြောင်းကို ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့ကို ဒါနဲ့ ပတ်သက်ပြီး ထပ်မမေးကြပါနဲ့တော့” ဟု ရေးခဲ့သည်။

“သူ တုန်လှုပ်ပြီးတော့ ကြောက်နေတယ်လို့ ကျွန်တော်က မပြောချင်ပါဘူး။ သူ ကျွန်တော်နဲ့ မချချင်လို့ မချတာပဲဖြစ်မှာပါ။ ရှင်းပါတယ်။ ကျွန်တော်လည်း သူ့ကို စာချုပ်မှာ လက်မှတ်ထိုးဖို့ တွန်းအားပေးမှာ မဟုတ်ပါဘူး”ဟုလည်း ရေးခဲ့သည်။

ဆိုးလ်ဂျားဘွိုင်းက ခရစ္စဘရောင်း၏ ရည်းစားဟောင်း Karrueche Tran ၏ ပရိုဖိုင်းဓာတ်ပုံအောက်တွင် ကွန်မန့် ပေးခဲ့ရာမှ အဆိုတော်နှစ်ဦးကြားရှိ အာဃာတများ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။

ယင်း အဆိုတော်နှစ်ဦးသည် လူမှုမီဒီယာပေါ်၌ တစ်ဦးကိုတစ်ဦး လှောင်ပြောင်ခြိမ်းခြောက်သည့် ဓာတ်ပုံများ ဗွီဒီယိုများကို တင်ခဲ့ရာမှ မကျေလည်မှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပရိသတ်အချို့ကတော့ သူတို့နှစ်ဦး၏ လုပ်ရပ်သည် တမင်နာမည်ကြီးချင်၍ လုပ်သည်ဟု မှတ်ချက်ပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly