ကင်မ်ဂျံုနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား သံအရာရှိတစ်ဦးကိုပါ သံသယရှိသူစာရင်း မလေးရှား ထည့်သွင်း

ကင်မ်ဂျံုနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား သံအရာရှိတစ်ဦးကိုပါ သံသယရှိသူစာရင်း မလေးရှား ထည့်သွင်း

ဖေဖော်ဝါရီ ၂၂ ။              ။ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုကိစ္စနှင့်ပတ်သက်၍ ယခုအခါ မြောက်ကိုရီးယား သံအရာရှိတစ်ဦးကို စစ်ဆေးမေးမြန်းနိုင်ရန် မလေးရှား ရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

မလေးရှား စုံစမ်းရေး ရဲတပ်ဖွဲ့အနေဖြင့် ကင်မ်ဂျုံနမ် ကိစ္စတွင် သံသယရှိသူမြောက်ကိုရီးယား နိုင်ငံသား ငါးဦးအား လိုက်လံ ရှာဖွေနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ထားသည်။ ယင်းအပြင် နောက်ထပ် သုံးဦးကိုလည်း အမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းစရာ ရှိသည့်အတွက် တွေ့ဆုံနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း မလေးရှား ရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့ထဲတွင် မြောက်ကိုရီးယား သံရုံးမှ ဒုတိယအတွင်းဝန် ဟွန်ကွမ်ဆောင် နှင့် မြောက်ကိုရီးယားလေကြောင်းလိုင်း အမှုထမ်းတစ်ဦးဖြစ်သည့် ကင်မ်အွတ်အီ တို့ကိုလည်း ယခု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း မလေးရှား ရဲအရာရှိတစ်ဦး ဖြစ်သည့် ခါလစ်ဒ် အဘူ ဘာကာ က ပြောသွားသည်။

" မြောက်ကိုရီးယား သံရုံးကို ကျွန်တော်တို့ အကြောင်းကြားစာ ပို့ထားပါတယ်၊ သူတို့နိုင်ငံသား သံအရာရှိတစ်ဦးနဲ့ လေကြောင်းလိုင်း အမှုထမ်းတစ်ဦးကို ကျွန်တော်တို့နဲ့   တွေ့ဆုံပြောဆို ခွင့်ပြုဖု့ိအတွက်ပါ၊ သူတို့နှစ်ယောက်ကို ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက် စစ်ဆေးမေးမြန်းစရာ ရှိနေပါတယ်၊ သံရုံးအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်၊ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ တာဝန်အရ အတင်းအကျပ် လာခေါ်စစ်ရပါလိမ့်မယ်" ဟု ၎င်းက ပြောသွားသည်။

လုပ်ကြံခံလိုက်ရသည့် ကင်မ်ဂျုံနမ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အကို တော်စပ်သည်ဟု သိရပြီး ၎င်းသည် မကာအိုသို့ သွားရောက်ရန် ကွာလာလမ်ပူလေဆိပ်သို့ ရောက်ရှိလာစဉ် တိုက်ခိုက်လုပ်ကြံခံလိုက်ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly