အပစ်မရပ် တိုင်းရင်းသားအဖွဲ့အစည်းများမှ ၂၁ ရာစုပင်လုံညီလာခံရပ်တည်ချက်များအား ဆွေးနွေးမည်ဟု ထုတ်ပြန်

အပစ်မရပ် တိုင်းရင်းသားအဖွဲ့အစည်းများမှ ၂၁ ရာစုပင်လုံညီလာခံရပ်တည်ချက်များအား ဆွေးနွေးမည်ဟု ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၁ ။            ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးနှင့် ပတ်သက်သည့် အမြင်သဘောထားနှင့် ရပ်တည်ချက်များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေတပ်မတော် (UWSP/UWSA)မှ ကမကထ ကျင်းပပြုလုပ်သော မျက်နှာစုံညီ အစည်းအဝေးက “၀ UWSP ”ဌာနချုပ် ပန်ခမ်းမြို့တွင် မနက်ဖြန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တရားဝင် ကြေညာချက်ထုတ်ပြန်ထားသည်။

ထိုမျက်နှာစုံညီ အစည်းအဝေးသို့ ဖိတ်ကြားထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ကို ဖိတ်ကြားထားပြီး ၁၀ ဖွဲ့မှ ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (MNDAA)၊ ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSA/NDAA)၊ ရက္ခိုင့် တပ်မတော်(ULA/AA)တို့ အပါအဝင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့သည် အခြေအနေ ထူးခြားမှုကြောင်း ထိုအစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိသော်လည်း စာတမ်းတင်သွင်း၍ ပါဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့ထိ သုံးရက်ကြာ ကျင်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags