အရပ်သားများကို စစ်တပ်က ပစ်သတ်နေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကွန်ဂို အစိုးရ ဖိအားပေးခံနေရ

အရပ်သားများကို စစ်တပ်က ပစ်သတ်နေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကွန်ဂို အစိုးရ ဖိအားပေးခံနေရ

ဖေဖော်ဝါရီ ၂၁ ။                      ။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် လက်နက်မဲ့ အရပ်သားများကို စစ်သားများက ပစ်သတ်နေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် တက်လာခဲ့ပြီးနောက် ယင်းဗီဒီယိုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားရန် ယင်းနိုင်ငံအစိုးရကို နိုင်ငံတကာက ဖိအားပေးလျက်ရှိသည်။

ဗီဒီယို ထွက်ပေါ်လာမှုအပေါ် များစွာ စိုးရိမ်ပူပန်မိကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။ စနေနေ့က ထွက်ပေါ်လာသည့် ယင်းဗီဒီယိုဖိုင်နှင့်ပတ်သက်၍ အမေရိကန်   နိုင်ငံခြားရေးဝန်ကြီးဌာန   ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် တိုနာက ပြစ်တင်လိုက်ပြီး ယင်းဖိုင်ထဲတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အမျိုးသမီးနှင့်ကလေးများအပါအဝင် အရပ်သားများကို ပစ်ခတ်နေသည်တို့ကို တွေ့ရသည်ဟု ဆိုသည်။

" ဒီဗီဒီယိုထဲက အတိုင်း တကယ်လား သေချာရင် ဒါဟာ လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်လိုက်တာပါပဲ၊ အကြမ်းဖက်နှိပ်စက်မှုတစ်ခုလည်း ဖြစ်ပါတယ်၊ နိုင်ငံအတွက်တော့ ပိုပြီးတော့ မတည်မငြိမ်ဖြစ်သွားစေနိုင်ပါတယ်" ဟု တိုနာက ပြောသည်။

" ဒီကိစ္စကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ ကွန်ဂိုအစိုးရကိုလည်း တိုက်တွန်းလိုပါတယ်၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသွားသည်။

ယင်းနိုင်ငံတွင် အစိုးရတပ်နှင့် Kamwina Nsapu အရပ်သားတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်နေလျက်ရှိပြီး Mwanza Lomba ကျေးရွာတွင် ယခု သတ်ဖြတ်မှုဖြစ်စဉ် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သို့သော် ခုနှစ်မိနစ်စာ ရှိသည့် ယင်းဗီဒီယိုဖိုင်၏ မှန်ကန်နိုင်မှုအပေါ် ကွန်ဂို ဒီမိုကရက်တစ်အစိုးရက မေးခွန်းထုတ်ခဲ့ပြီး စုံစမ်းစစ်ဆေးရန် တောင်းဆိုနေမှုများကို ပယ်ချထားခဲ့သည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly