အပျင်းလည်းပြေ ၀င်ငွေလည်းရ ဆီးပင်စိုက်ပျိုးကြ

21 February 2017
အပျင်းလည်းပြေ ၀င်ငွေလည်းရ ဆီးပင်စိုက်ပျိုးကြ

ဆီးသီးပင်ရဲ့ မူရင်းဒေသတော့ အရှေ့တောင်အာရှ ဒေသကပဲ ဖြစ်ပါတယ်။

ဆီးရိုင်းနဲ့ ဆီးယဉ်ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ဆီးပင်မှာတော့ ဆီးတော်သီး၊ စလေဆီးသီး၊ ယိုးဒယားဆီးသီးဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ ဆီးပင်တွေကတော့ မြေမရွေး စိုက်ပျိုးနိုင်ပြီး နုံးမြေနှင့် နုံးမြေဆွေးတွေမှာဆိုရင်တော့ မျိုးကောင်းများကို စိုက်ပျိုးသင့်ပါတယ်။

ဆီးပင်က ရေဝပ်ခြင်းကို မနှစ်သက်ပါဘူး။ ဆီးပင်ကို အစေ့က စိုက်ပျိုးလေ့ ရှိပါတယ်။ အစေ့ကနေ အပင်အမြန်ပေါက်ရန်အတွက်ကတော့ အစေ့ကို ကွဲအက်အောင် တူဖြင့် ထု၍သော်လည်းကောင်း အဆံနီးပါးရအောင် ထု၍သော်လည်းကောင်း စိုက်ပျိုးမယ်ဆိုရင် ငါးရက်မှ ဆယ်ရက်အတွင်းမှာ အပင်ပေါက်ကလေးတွေ ထွက်လာမှာဖြစ်ပါတယ်။

အစေ့ကနေ မစိုက်ပျိုးလိုပါက ဆီးကိုင်းများကို အစေ့ ပျိုးထောင်ပြီးခါမှ တစ်နှစ်သားရှိတဲ့အခါမှာ အခြားမျိုးကောင်း ဆီးများနဲ့အတူ မြှုပ်၍သော်လည်ကောင်း ကိုင်းကူး ကိုင်းဆက်၍သော်လည်ကောင်း စိုက်ပျိုးနိုင်ပါတယ်။

ဆီးပင် အပုအမျိုးအစားကိုတော့ တစ်ပင်နဲ့တစ်ပင် ငါးပေခန့် ခွါ၍သော်လည်းကောင်း ဆီးပင် အလတ်အမျိုးအစားကိုတော့ ပေ ၂၀ ခန့် ခွါ၍သော်လည်ကောင်း အပင်မြင့် အမျိုအစားကိုတော့ ၂၅ ပေခန့် ခါွ၍သော်လည်ကောင်း တြိဂံပုံစံစနစ်နဲ့ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ စိုက်ကျင်းတွေကိုတော့ သုံးပေအကျယ်နဲ့ အနက် ၂ ပေတူးပြီးတော့ မြေဆွေး သဲ စတာတွေကို ထည့်ပြီး စိုက်ပျိုးနိုင်ပါတယ်။

ပြုစုမှုကောင်းတဲ့ ဆီးပင်ကတော့ တစ်နှစ်အကြာမှာ အသီးများကို ခူးဆွတ်နိုင်မှာလည်း ဖြစ်ပါတယ်။ ပင်ရိုင်းများနဲ့ မျိုးပွားထားတဲ့ ဆီးပင်တွေကိုတော့ အောက်ခံပင်က ထွက်လာတဲ့ အကိုင်းတွေကို တစ်ပတ်တစ်ခါ ဖြတ်တောက်ပေးရမှာလည်း ဖြစ်ပါတယ်။

ဆီးပင်က တစ်နှစ်သားကျော်လာရင်တော့ မလိုအပ်တဲ့ အကိုင်းအခက်တွေကို နှစ်ပတ်တစ်ခါ ဖြတ်တောက်ပေးရမှာလည်း ဖြစ်ပါတယ်။ ပထမနှစ်မှာသီးတဲ့ ဆီးသီးကို မယူပဲ အပွင့်တွေကို ချွေချခြင်း ဒုတိယနှစ်မှာသီးတဲ့ ဆီးသီးကို အလုံး ၅၀ ခန့်သာ ယူခြင်းတို့ကတော့ နောက်နှစ်များမှာ အသီးတို့ ကောင်းမွန်ပြီး အသီးလည်းကြီးကာ အရသာကောင်းမွန်မှာလည်း ဖြစ်ပါတယ်။

 မြေသြဇာကျွေးမယ်ဆိုရင်တော့ အပင်ရင်းကနေ တစ်ပေခွဲ ဒါမှမဟုတ်ရင် သုံးပေအတွင်း အပင်အရွယ်ကိုလိုက်ပြီးတော့ တစ်ပေခန့်နက်တဲ့ ကျင်းငါးကျင်းကို တူးပြီးတော့ နွားချေး မြေဆွေး စတာတွေကို တစ်စိတ်မှ တစ်တင်းထိ ထည့်ပေးရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly