ငွေကြေးမသမာမှုစွဲချက်ကို တရားရုံးတွင် နေမာဖြေရှင်းရမည်

ငွေကြေးမသမာမှုစွဲချက်ကို တရားရုံးတွင် နေမာဖြေရှင်းရမည်

ဖေဖော်ဝါရီ ၂၁၊ ဘာစီလိုနာ။            ။ ဘရာဇီးကလပ်ဆန်းတို့စ်မှ နေမာပြောင်းရွှေ့ရာတွင်ငွေကြေးမသာမှုပြုလုပ်ခဲ့သည်ဟု စွဲချက်အပေါ် နောက်ဆုံးအယူခံရှုံးနိမ့် သွားပြီးနောက် ဘာစီလိုနာကစားသမားနေမာနှင့်၎င်း၏ကလပ်သည် တရားရုံးတွင်ဖြေရှင်းရတော့မည်ဖြစ်သည်။

ယင်းအမှုသည် နေမာ၏ အပြောင်းအရွှေ့မူပိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည့် ဘရာဇီးရင်းနှီးမြှုပ်နှံမှုအဖွဲ့ DIS ၏ တိုင်ကြားမှုနှင့် ပတ်သက်နေသည်။

၂၀၁၃ တွင် ဆန်းတို့စ်မှဘာစီလိုနာသို့နေမာပြောင်းရွှေ့ခဲ့စဉ်က ပြောင်းရွှေ့ကြေးပေါင် ၄၉ သန်းဟုဖော်ပြထားခြင်းထက် နည်းပါးသည့်ငွေပမာဏကိုသာရခဲ့သည်ဟု တိုင်ကြားထားခြင်းဖြစ်သည်။

ဆန်းတို့စ်အသင်း၊ နေမာ၏မိခင်၊ နေမာ၏မိဘများဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုတို့သည်လည်း စွဲချက်တင်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

“ဆန်းတို့စ်အက်ဖ်စီ၊ ဘာစီလိုနာအက်ဖ်စီ၊ နေမာ၊ သူ့မိခင်နှင့် မိသားစုကုမ္ပဏီတို့အားလုံး ငွေကြေးမသမာမှုနှင့်ပတ်သက်ပြီး အယူခံရှုံးနိမ့်သည်”ဟု စပိန်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်ရနိုင်မည် မဟုတ်ပေ။

တရားလိုများသည် နေမာကို ထောင်ဒဏ် နှစ်နှစ်နှင့် ပေါင် ၈ သန်းနီးပါးထိ ဒဏ်ရိုက်ခံရစေရန် ကြိုးပမ်းနေသည်။ သို့သော်လည်း ဘရာဇီးလက်ရွေးစင် အနေဖြင့် ပြစ်မှုထင်ရှားလျှင်ပင်   ထောင်ဒဏ်ကျခံရဖွယ်မရှိပေ။

စပိန်တရားဥပဒေအရ နှစ်နှစ်အောက်လျော့နည်းသောထောင်ဒဏ်များမှာ ဆိုင်းငံ့ခံရလေ့ရှိသည်။ တရားလိုများသည် ဘာစီလိုနာ အသင်းဒဏ်ငွေပေါင် ၇ ဒသမ ၂ သန်း၊ ဆန်းတို့စ်အသင်းပေါင် ၅ ဒသမ ၆ သန်း ပေးဆောင်ရစေရန်လည်း ကြိုးပမ်းနေသည်။

နေမာ၏ ဘာစီလိုနာအသင်းဖော် မက်ဆီသည်လည်း ပြီးခဲ့သည့်နှစ်ဇူလိုင်က အခွန်တိမ်းရှောင်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ သတ်မှတ်ခံခဲ့ရပြီး အယူခံဝင်ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags