"မန္တလေး သင်္ကြန်အရွေ့ ရပ်တော့မည်လား"

"မန္တလေး သင်္ကြန်အရွေ့ ရပ်တော့မည်လား"

မန္တလေးမြို့တွင် တူးပို့သံတွေ ငြိမ်နေသည်။ ယခင်က ယခုလိုအချိန်၊ ယခုလိုလမျိုးမှစ၍ တူးပို့သံတွေ ညံညံစီခဲ့သည်။

ကျုံးဘေးတွင် မဏ္ဍပ်ဆောက်မည့်သူ၊ လည်မည်သူများကလည်း စိတ်ကူးယဉ်အစီအစဉ်များ စတင်ရေးဆွဲကြသည့် ရက်နှင့်လများဖြစ်သည်။

မန္တလေးသြင်္ကန်၏ အရွေ့သည် ခေတ်နှင့်အညီရွေ့ခဲ့သည်။ ထိုသို့ရွေ့နေရင်း ယခုနှစ်ပြုလုပ်မည့် သြင်္ကန်သည် တုန့်ခနဲ့ ရပ်ရန် အစီအမံများ ချမှတ်နေခြင်းကြောင့် တူးပို့သံနှင့်လူငယ်များ၏ စိတ်ကူးများ ဝေဝါးခဲ့ကြသည်။

ယဉ်ကျေးမှုအမွေအနှစ်များဖြင့် မန္တလေး။ နောက်ဆုံး ကုန်းဘောင်မင်းဆက် နန်းစိုက်ခဲ့သည့် မန္တလေး။ မန္တလေးတွင် ပြောစမှတ်ပြုရသည့် ရာသီပွဲတော်များအနက် သြင်္ကန်ပွဲတော်လည်းတစ်ခုပါဝင်သည်။

မန္တလေးဟု ဆိုလိုက်သည်နှင့် သြင်္ကန်နှင့်တွဲမြင်ကြသည်။ တခြားမြို့များထက် မန္တလေးသြင်္ကန်သည် နန်းစံမြဲဖြစ်သည်။ ခေတ်နှင့်အညီရိုးရာကို မပျောက်အောင် ဖက်တွယ်ထားကြသည်။

ကျုံးပတ်ပတ်လည် မဏ္ဍပ်များဖြင့် ည်ကားခဲ့သည်။ သြင်္ကန်ကို အကြောင်းပြု အရောင်ဆိုး လုပ်စားသူများကို မြို့ခံတွေက စိတ်ဝင်စားခြင်းမရှိပေ။ မန္တလေးသြင်္ကန် ပီပီသသဖြစ်နေဖို့အတွက်သာ အာရုံရှိသည်။

သပြေခက်နှင့်ပက်လည်း ရသည်။ ယခင်ကလို မြင်းလှည်းလေးနှင့်စက်ဘီးလေးနှင့် လည်လို့လည်း ရသည်။ မဏ္ဍပ်တွေမှာ ယခင်ကလို ပန်းချီဆရာတွေ နန်းတော်ပုံကြီးတွေ၊ ပုဂံဘုရားပုံတွေ၊ မန္တလေးတောင်ပုံတွေ ဆွဲလည်း ရသည်။

ယခင်ကလို တစ်မြို့လုံး ကျုံးရေးကို အဓိက ထားပက်လည်းရသည်။ ယခင်ကလို ချောင်းရေနဲ့ပက်လည်း ရသည်။ ရပ်ကွက်ထဲ အုန်းလက်မဏ္ဍပ်ထိုးပြီး ပက်လည်းရသည်။ မည်သို့ပင်ဆိုစေ မန္တလေးသြင်္ကန်သည် စည်ကားမြဲပင်။

ဆယ်စုနှစ် နှစ်ခုလောက် ခေတ်နှင့်အညီ လိုက်ရွေ့ခဲ့သည့် မန္တလေးသြင်္ကန်သည် ခေတ်အရွေ့ကိုဖြတ်၍ ခေတ်နောက်ပြန်သည့်အနေအထားမျိုးကို ချက်ခြင်းလုပ်လိုက်မည်ဆိုလျှင် တစ်စ တစ်စ မန္တလေးသြင်္ကန်ပွဲတော်သည် သာမန်ပွဲတော် တစ်ခုမျှသာ ဖြစ်လာပေလိမ့်မည်။

ရေလည်းချွေ၊ ယဉ်ကျေးမှုလည်း မပျောက်၊ လူငယ်တွေ၏ အရွေ့ကိုလည်း လိုက်ပြီး ခေတ်စနစ်နှင့်အညီ လုပ်စေချင်သည်။

သြင်္ကန်ဆိုသည်နှင့် ရေကပက်ကြမည်ပင်ဖြစ်သည်။ ထို့ကြောင့်………။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly