KNUနှင့် အစိုးရ ပူးတွဲတည်ထောင်သည့် လေးကေ့ကော်မြို့သစ်၌ အလုပ်အကိုင်ရှားပါးမှု ပြဿနာကို မဖြေရှင်းနိုင်သေး

KNUနှင့် အစိုးရ ပူးတွဲတည်ထောင်သည့် လေးကေ့ကော်မြို့သစ်၌ အလုပ်အကိုင်ရှားပါးမှု ပြဿနာကို မဖြေရှင်းနိုင်သေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။              ။ စစ်ဘေးရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ ပူးပေါင်းတည်ထောင်ထားသည့် လေးကေ့ကော်မြို့သစ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ မဖန်တီးပေးနိုင်သေးကြောင်း မြို့တည်ဆောက်ရေးနှင့်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးစောဌေးမြင့်အောင်က ဆိုသည်။

“အထူးသဖြင့် ဒီမှာက စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှာပေးဖို့အတွက် အခက်အခဲရှိနေတယ်။ ကျွန်တော်တို့ လုပ်ငန်းစဉ်ကလည်း ပြန်လည်နေရာချထားပေးဖို့ဆိုတဲ့အဆင့်ကိုသွားနေတဲ့အတွက် အလုပ်အကိုင်ရရှိရေးတို့ စားဝတ်နေရေးပြေလည်ဖို့အတွက် စီစဉ်ပေးနေတာတော့ မရှိသေးဘူး” ဟု စောဌေးမြင့်အောင်က ပြောသည်။

မြဝတီခရိုင် လေးကေ့ကော်မြို့သစ်စီမံကိန်း၌ လက်ရှိတွင် အိမ်ခြေပေါင်း ၆၅၀ ရှိနေပြီး လူဦးရေအားဖြင့် ၃၂၀၀ နီးပါး နေထိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေးကေ့ကော်စီမံကိန်းအား အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြို့သစ်တွင်ပြန်လည်အခြေချနေုထိုင်နေသည့် စစ်ဘေးရှောင်ပြည်သူများသည် လေးကေကော်မြို့ပတ်ဝန်းကျင်များတွင်သာ စပါးရိတ်၊ ပဲရိတ်ခြင်းများ၊ တောင်ယာလုပ်ငန်းများကိုသာ ရာသီအလိုက် လိုက်ကိုင်နေကြရပြီး အများစုမှာ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ပေါ်သို့သွားရောက်ကာ ကြုံရာကျဘမ်းလုပ်ကိုင်နေကြကြောင်းသိရသည်။

 “စက်ရုံလေးဘာလေးရှိရင် ပုံမှန်အလုပ်ရှိမှာပေါ့နော်၊ ကလေးတွေ မိဘတွေနဲ့ နီးနီးနားနားနေရတယ်၊ အခုက အလုပ်မရှိတော့ ကလေးတွေနဲ့ တကွဲတပြားတွေသွားနေရတယ်ပေါ့”ဟု လေးကေ့ကော်မြို့သစ်၌ ပြောင်းရွေ့အခြေချနေထိုင်သူ မဇင်မာလွင်က  ဆိုသည်။

ပြီးခဲ့သည့် နှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံနယ်စပ်စခန်းမှ လေးကေ့ကော်သို့ ပြောင်းရွေ့လာသည့် စောထေ့ဖိုးနို့ကလည်း “အလုပ်က အရမ်းရှားတယ်၊ လုပ်ရင်းစားရင်းနဲ့ ဆိုပေမယ့် စားရတာ သောက်ရတာ အခက်အခဲရှိတယ်” ဟု ပြောသည်။

မူလကနဦးရည်ရွယ်ချက်အရ ကရင်အမျိုးသားအစည်းအရုံး၏ တပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် လေးကေ့ကော်မြို့သစ်ကို တည်ထောင်ခြင်း ဖြစ်သော်လည်း ယခုအချိန်တွင်မူ ပြည်တွင်းရွေ့ပြောင်းသွားလာနေသူများပါ လာရောက်အခြေချ နေထိုင်လျှက်ရှိကြသည်။

ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း (၉ )ခုတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ဒုက္ခသည်များ လူဦးရေပေါင်းတစ်သိန်းခွဲခန့် ရှိနေသေးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအစိုးရတို့အကြား ဆွေးနွေးသဘောတူညီမှုဖြင့်  ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် နိုဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ ဦးသည် ပထမအသုတ်အနေဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

အဆိုပါ ဒုက္ခသည်များမှ ၁၇ ဦးမှာ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြပြီး ကျန်သည့်မိသားစုများက ၎င်းတို့၏ သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးပြန်သွားကြကြောင်း သိရသည်။

ရန်ကုန်ရှိ အစိုးရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၇ ဦးအတွက် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်ကျပ် ၃,၀၀၀ ကို စတင်ရောက်ရှိသည့်နေ့မှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ  ထောက်ပံ့ပေးမည်ဖြစ်သော်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ရောက်ရှိနေသည့် ကျန်ရှိသည့်ဒုက္ခသည်များမှာမူ အခက်အခဲများ တွေ့နေကြဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags