တောင်သူ ၂၀၀၀ကျော်က ဖမ်းဆီးခံတောင်သူများနှင့် တရားရင်ဆိုင်နေရသူများ ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုမည်

တောင်သူ ၂၀၀၀ကျော်က ဖမ်းဆီးခံတောင်သူများနှင့် တရားရင်ဆိုင်နေရသူများ ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုမည်
၂၀၁၆ ခုနှစ်က စဉ့်ကူးမြို့နယ်တောင်သူများ ထွန်တုံးတိုက်ပွဲ ဝင်နေစဉ်

မန္တလေး၊ဖေဖော်ဝါရီ ၂၀ ။           ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဖမ်းဆီးခံထားရသည့်တောင်သူများနှင့် တရားရင်ဆိုင်နေရဆဲသူများ အမြန်ဆုံးဆုံးလွှတ်ပေးရန်အတွက် တောင်သူ ၂၀၀၀ ကျော်က ဖေဖော်ဝါရီလ ၂၄ ရက်တွင် မန္တလေးမြို့ပေါ်တက် ဆန္ဒပြတောင်းဆိုရန်အတွက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ထံ၌ တရားဝင် စာတင်လိုက်ကြောင်း ဦးဆောင်သူ ဦးရဲရင့်အောင်က မဇ္ဈိမ ကိုပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသူနှင့် တရားရင်ဆိုင်နေရသူ တောင်သူ ၃၀၀ ကျော်အား ပြန်လည်လွှတ်ပေးရန်နှင့် လယ်ယာမြေ ပြဿနာများကို  အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုသွားမည်ဟု ဦးရဲရင့်အောင်ကဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ ခွင့်ပြုချက်မရလည်း ဆန္ဒပြတောင်းဆိုမှုကို ဆက်လုပ်သွားမယ်။ လက်ရှိ ကျွန်တော်တို့ တင်ထားတဲ့အစိုးရက ပြည်ထဲရေးကို မကျော်နိုင်ဘူး။ မလွန်ဆန်နိုင်ဘူး ဖြစ်နေတယ်။ သူတို့ကို မလွန်ဆန်နိုင်ဘဲနဲ့ တောင်သူအရေး၊ လယ်ယာမြေအရေးကို ပြေလည်အောင် ဖြေရှင်းပေးဖို့ဆိုတာ မလွယ်ပါဘူး"ဟု ဦးရဲရင့်အောင်က ပြောသည်။

ဆန္ဒပြမည့်သူများသည် မန္တလေးတောင်ခြေမှ စတင်၍ ၆၆လမ်းအတိုင်း ၂၉လမ်းအထိ၊ ထိုမှလမ်း ၃၀ အတိုင်း တရားလွှတ်တော်ချုပ်ရုံးအထိ ချီတက်ကြမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ စဉ့်ကိုင်၊ ငါန်းဇွန်၊ တံတားဦး၊ မြစ်သား၊ ကျောက်ဆည် စသည့် မြို့နယ်များမှ တောင်သူ ၂၀၀၀ ကျော်က ဆန္ဒပြတောင်းဆိုကြမည် ဖြစ်ပြီး ဆန္ဒပြတောင်းဆိုအပြီး ၁၀ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒပြမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ဦးဆောင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly