မောင်တော၌ WY နှင့် R ဆေးပြားများ ဖမ်းဆီးရမိ

မောင်တော၌ WY နှင့် R ဆေးပြားများ ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဖေဖော်ဝါရီ ၂၀။            ။ မေယု စစ်ဆင်ရေး အရ မောင်တောမြို့နယ်၊ ဖေဇီကျေးရွာသို့ ဖေဖော်ဝါရီ ၁၉ ရက်က ဝင်ရောက်ရှာဖွေရာ WY ဆေးပြား ၁၀၀၀ ကျော် ဖမ်းဆီးရခဲ့မိသည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဖေဇီကျေးရွာနေ မူဟာမတ်အီဆုပ်၏ နေအိမ်မှ WY နှင့် R စိတ်ကြွရူးသွပ်ဆေးပြား ၆၂ ပြား (ကာလတန်ဖိုး ၁၂၄၀၀၀ ကျပ်) သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ မောင်တောမြို့ ၂ ရပ်ကွက်နေ ရာမောက်ဒူလာထံမှ ဝယ်ယူခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ယင်းနေ့ ၁၂နာရီခွဲတွင် ရာမောက်ဒူလာ၏ နေအိမ်သို့ ဆက်လက်ရှာဖွေရာ ၎င်း၏ မိခင် မရော်ဂျီရာဘေဂေါင်၏ သံသေတ္တာအတွင်းမှ WY စိတ် ကြွဆေးပြား ၉၇၅ ပြား(ကာလတန်ဖိုး ငွေကျပ် ‎၁၉၅၀၀၀၀)တို့အား တွေ့ရှိခဲ့သည်။ ၎င်းအား စစ်ဆေးမေးမြန်းချက်အရ သားဖြစ်သူ ရာမောက်ဒူလာ၏ စိတ်ကြွဆေးပြားများ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသည့် မူဟာမတ်အီဆုပ်နှင့် မရော်ဂျီရာဘေဂေါင်၊ ထွက်ပြေးတိမ်းရှောင်နေသော ရာမောက်ဒူလာတို့အား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly