ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဘင်္ဂလီများအား ရွှေ့ပြောင်းနေရာချထားရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီရန် ရှိတ်ဟာစိနာက တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဘင်္ဂလီများအား ရွှေ့ပြောင်းနေရာချထားရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီရန် ရှိတ်ဟာစိနာက တိုက်တွန်း

မြူးနစ် (ဂျာမနီ) ၊ဖေဖော်ဝါရီ ၂၀။              ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာဘင်္ဂလီများကို ပြောင်းရွှေ့နေရာချထားရေး ပြုလုပ်ရာတွင် ကျန်းမာရေးအရ ပိုမိုသင့်လျော်သည့်နေရာတွင် ချထားပေးနိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကူညီပေးကြရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစိနာက တောင်းဆိုလိုက်သည်။

ယင်းပြောကြားမှုကို ဂျာမနီသို့ ရောက်ရှိနေသော ရှိတ်ဟာစိနာအား ဂျာမနီ အဓိပတိ အန်ဂီလာမာကယ်က နေ့လည်စာ တည်ခင်း ဧည့်ခံသည့် တွေ့ဆုံမှုတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရှိတ်ဟာစိနာက ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာဘင်္ဂလီအရေးအား လူသားစာနာမှု ကူညီထောက်ပံ့ရေးအဖြစ် ရှုမြင်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင်၊ မိလ္လာစနစ်နှင့် သဘာဝအလှအပ မပျက်စီးစေရန်အတွက် လူဦးရေထူထပ်သည့် ကော့ဘဇာ အပြင်ဘက်သို့ ပြောင်းရွှေ့ရန် အရေးကြီးသည်ဟု ပြောဆိုခဲ့သည်။

“သူတို့ကို ကျန်းမာလုံခြုံတဲ့နေရာကို ပြောင်းရွေ့ပေးဖို့ မဖြစ်မနေလုပ်ဆောင်ရမဲ့အရာဖြစ်ပါတယ်။” ဟု ရှိတ်ဟာစိနာက မာကယ်အား ပြောကြားခဲ့သည်။

Dhaka Tribune သတင်းစာက ဝန်ကြီးချုပ်၏ ပြန်ကြားရေးအတွင်းဝန် အာဆန်နူးကာရင်၏ ပြောဆိုချက်ကို ကိုးကားပြီး နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကျိုးစီးပွါးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်ရေးနှင့် စီးပွားရေး ကဏ္ဍများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဖွံ့ဖြိုးရေး၊ ဒုက္ခသည်အရေးတို့အား (၁) နာရီအကြာ တွေ့ဆုံခဲ့ကြကြကြောင်း ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်၌ လက်ရှိအသုံးပြုနေသော နိုင်ငံကူးလက်မှတ် စစ်ဆေးသည့် စနစ်အား အဆင့်မြှင့်တင်ရန် နှစ်နိုင်ငံ နားလည်မှု သဝဏ်လွှာအား လက်မှတ်ရေးထိုးခဲ့ကြပြီး တန်ပြန်အကြမ်းနှိမ်နင်းရေးဆိုင်ရာ နိုင်ငံရေး အမြင်သဘောထားများအား ပူးတွဲကြေညာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly