မွန်ပြည်နယ်ဝန်ကြီးချုပ် အသစ်အဖြစ် ဒေါက်တာအေးဇံကို လျာထား

မွန်ပြည်နယ်ဝန်ကြီးချုပ် အသစ်အဖြစ် ဒေါက်တာအေးဇံကို လျာထား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ။                  ။ မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် ကျိုက်ထိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံအား လျာထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောသည်။

“အဲဒါကတော့ တစ်လောကလုံးက တိုင်စာတွေကရှိကြတယ်။ ဒါပေမယ့်အခြေအနေပေါ်မူတည်ပြီးမှ၊ နိုင်ငံရေးမိုးလေဝသပေါ်မူတည်ပြီးမှ လုပ်သင့်လုပ်ထိုက်တဲ့အချိနမှာ လုပ်တာပေါ့။ ဒီ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုတော့ ဒေါက်တာအေးဇံကို ထောက်ခံထားတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ယခင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ၎င်းအားအရေးယူပေးရန် တိုင်ကြားမှုများ ရှိပြီးနောက် နှုတ်ထွက်သွားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် လျာထားသော ဒေါက်တာအေးဇံမှာ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်( ၂) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဖြစ်သည်။ ဒေါက်တာအေးဇံအား မဇ္ဈိမ မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly