၂၁ ပင်လုံညီလာခံ ကျင်းပမည့်ရက် ပြန်လည်ညှိနှိုင်းနေ

၂၁ ပင်လုံညီလာခံ ကျင်းပမည့်ရက် ပြန်လည်ညှိနှိုင်းနေ
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။           ။ NLD အစိုးရလက်ထက် ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ပင်လုံညီလာခံကို မတ်လထဲတွင် ကျင်းပရန်ရှိသော်လည်း ကျင်းပ နိုင်မည့်ရက်ကို   ပြန်လည်ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

သမ္မတရုံး ဒုညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၂၁ ပင်လုံကျင်းပမည့်ရက်နှင့် ပတ်သက်၍ “ အခုရက်က ညှိနေတယ် ကျွန်တော်တို့ KNU လည်းအဆင်ပြေ ၊ ကျွန်တော်တို့ဘက်ကလည်းအဆင်ပြေတဲ့ရက် လုပ်နေတယ်။ ရက် ညှိနေတုန်း၊ ဒါပေမယ့် မတ်လထဲမှာတော့ လုပ်မယ်” ၎င်းက ပြောဆိုသည်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို မူလက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပရန် သတ်မှတ်ခဲ့ပြီးနောက် တစ်ချို့ တိုင်းရင်းသားအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သေးသဖြင့် မတ်လ ၁၅ ရက်သို့ ရွှေ့ပြောင်းထား ကြောင်း UPDJC အဖွဲ့ဝင်အချို့မှ ပြောဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၁၆ ကြိမ်မြောက် ညီလာခံကို လာမည့် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပရန်မည် ဖြစ်၍ ပင်လုံညီလာခံကို မတ်လ ၁၅ ရက်သတ် မှတ်ပါက တက်ရောက်ရန်အခက်ခဲရှိနေသည့်အတွက် ပြန်လည်ညှိနှိုင်း နေခြင်း ဖြစ်သည်ဟု ဆိုသည်။

 “ ကျွန်တော်တို့ ညီလာခံကို ၁၄ ရက်နေ့စမယ် ၂၁ ပင်လုံနဲ့ ညီလာခံနဲ့သွားတိုက် ဆိုင်လို့ရှိရင် တော့ တတ်ဖို့အခက်အခဲရှိတယ်။ ဘယ်လိုတတ်ရမယ်ဆိုတာတော့ ကျွန်တော်စဉ်းစားဦးမှာပေါ့နော်။ အကုန်လုံး မတတ်နိုင်တဲ့သဘောလား နို့မို့လည်း ဘယ်ပုံစံနဲ့ လုပ်မလည်းဆိုတာက စဉ်းစားရဦးမှာပေါ့ အခက်အခဲရှိတာပေါ့ မတတ် ဘူးဆိုတာမပြောပါဘူး။ နှစ်ဖက်စလုံးအဆင်ပြေတဲ့ရက်ပါပဲ ဘယ်ရက်ပဲဖြစ်ဖြစ်ပေါ့ နှစ်ဖက်လုံးကလည်း မထိမခိုက် ဘဲနဲ့ သွားလို့ရတဲ့နည်းလမ်းရှာပေါ့ လုပ်လို့ရပါတယ် ဒါတွေက ဘယ်နည်းပဲဖြစ်ဖြစ် “ ဟု ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ၁၆ ကြိမ်မြောက် ညီလာခံကို မတ်၁၄ တွင်ကျင်းပရန်ရှိသည်ကိုလည်း အစိုးရ ဘက်သို့ အကြောင်းထားပြီးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး စာချုပ်မူကြမ်း (NCA)ကို အခြား လက်နက်ကိုင် အဖွဲ့အစည်း ၇ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags