ချယ်လ်ဆီးမှာ အမှတ်ပေးချန်ပီယံဖြစ်ရန် သေချာသောကြောင့် အက်ဖ်အေဖလားကိုသာ အာရုံစိုက်ရတော့မည်ဟု မော်ရင်ဟို ဆို

ချယ်လ်ဆီးမှာ အမှတ်ပေးချန်ပီယံဖြစ်ရန် သေချာသောကြောင့် အက်ဖ်အေဖလားကိုသာ အာရုံစိုက်ရတော့မည်ဟု မော်ရင်ဟို ဆို

ဖေဖော်ဝါရီ ၂၀၊ အင်္ဂလန်။                 ။ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲခဲ့ရာတွင် မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့်တွေ့ဆုံနေပြီး အဝေးကွင်းတွင် သွားရောက်ကစားရမည် ဖြစ်သည်။

မဲခွဲမှုပြီးဆုံးခဲ့ပြီးနောက်တွင် မန်ယူနည်းပြ မော်ရင်ဟိုက ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီး ဖြစ်သောကြောင့် အက်ဖ်အေဖလားပြိုင်ပွဲတစ်ခုတည်းကိုသာ အာရုံစိုက်နိုင်ကြောင်း ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲ ကစားရန် ကျန်ရှိနေသေးချိန်တွင် ချယ်လ်ဆီးအသင်းမှာ ဒုတိယနေရာမှ မန်စီးတီးအသင်းကို ၈ မှတ်ဖြတ်ထားသည်။

‘ကျွန်တော်တို့အသင်းက စိန့်အက်တီနီနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကစားဖို့ ရှိနေသေးပြီး လိဂ်ဖလားဗိုလ်လုပွဲလည်း ကစားဖို့ရှိပါသေးတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း အဆင့်လေးအတွင်းဝင်ဖို့ ကြိုးစားနေရပါသေးတယ်။ ချယ်လ်ဆီးအသင်းကတော့ အက်ဖ်အေဖလားပြိုင်ပွဲတစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ပြီးလို့ပါ။ အက်ဖ်အေဖလားက သူတို့အတွက် အရေးပါတဲ့ ဆုဖလားတစ်ခုပါပဲ’ ဟု မော်ရင်ဟိုက ပြောသည်။

ထို့အပြင်မော်ရင်ဟိုက ၎င်းတို့အသင်းမှာ ပြိုင်ပွဲအားလုံးတွင် ဆုဖလားရရန်မျှော်လင့်ချက်ရှိနေသေးသော်လည်း တစ်ခုမှ မရရှိဘဲလည်း ရာသီအဆုံးသတ်သွားနိုင်ကြောင်း ပြောသည်။

‘ဆုဖလား နှစ်ခု၊ သုံးခု ဒါမှမဟုတ် တစ်ခုရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တစ်ခုမှ မရဘဲလည်း ရာသီအဆုံးသတ်သွားနိုင်ပါတယ်။ ပြိုင်ပွဲအားလုံးမှာ ရှိနေသေးလို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။   ဆောက်သမ်တန်နဲ့ကစားရမယ့် လိဂ်ဖလားဗိုလ်လုပွဲကလည်း အနိုင်ရဖို့ ၅၀-၅၀ ပါပဲ။ ဒါပေမဲ့ ဗိုလ်စွဲဖို့ ကြိုးစားသွားမှာပါ’ ဟု မော်ရင်ဟိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly