ကင်မ်ဂျံုနမ်ကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယားသံအမတ်ကြီးကို မလေးရှား ဆင့်ခေါ်ကာ ပြစ်တင်ကြိမ်းမောင်း

ကင်မ်ဂျံုနမ်ကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယားသံအမတ်ကြီးကို မလေးရှား ဆင့်ခေါ်ကာ ပြစ်တင်ကြိမ်းမောင်း

ဖေဖော်ဝါရီ ၂၀ ။                   ။ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုကိစ္စ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရင်းဖြင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုပိုင်းတွင် အငြင်းပွားစရာကိစ္စများ ပိုများနေချိန်တွင် ယခုအခါ   မြောက်ကိုရီးယား သံအမတ်ကြီးကိုလည်း မလေးရှားအစိုးရက ဆင့်ခေါ်ကာ ပြစ်တင်ကြိမ်းမောင်းခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကွာလာလမ်ပူလေဆိပ်၌ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုဖြစ်စဉ်နှင့် စပ်လျင်း၍ မြောက်ကိုရီးယားနိုင်ငံသား ငါးဦးကို ရှာဖွေနေကြောင်း မလေးရှားဘက်မှ ထုတ်ဖော်ခဲ့ခြင်းအပေါ် ပြုံယမ်းအစိုးရဘက်က ဒေါသူပုန်ထခဲ့သည်ဟု ဆိုသည်။

မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေရန် မလေးအစိုးရက ကြံစည်နေကြောင်း ပြုံယမ်းအစိုးရက စွပ်စွဲထားခဲ့သည်ဟု သိရသည်။

ယင်းစွပ်စွဲချက်နှင့် ပတ်သက်၍ မလေးရှား အစိုးရကလည်း ယင်းတို့၏သံအမတ်ကြီးကိုပါ ပြန်ခေါ်ထားခဲ့ပြီး ယခုအခါ ကွာလာလမ်ပူဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးကိုပါ ဆင့်ခေါ်ကာ ကြိမ်းမောင်းပြစ်တင်ခဲ့သည်ဟု သိရသည်။

" မလေးရှားမြေပေါ်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဝန်ကြီးဌာနအနေနဲ့ သေချာအလေးထား လုပ်ဆောင်နေတာဖြစ်ပါတယ်၊ ဒီနိုင်ငံမှာ ဖြစ်သွားတဲ့ ဒီသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးဖို့က မလေးရှားအစိုးရရဲ့ တာဝန်သာဖြစ်ပါတယ်" ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။

လေဆိပ်တွင် လုပ်ကြံခံခဲ့ရသော ကင်မ်ဂျုံနမ်၏ အလောင်းကို ပြန်လွှဲပေးရန် ပြုံယမ်းအစိုးရ သံတမန်များ၏ တောင်းဆိုချက်ကို မလေးရှား ရဲတပ်ဖွဲ့က ပယ်ချခဲ့ပြီးနောက် ယင်းသို့ နှစ်နိုင်ငံ ဆက်ဆံရေးပိုင်းတွင် အငြင်းပွားမှုများ ပေါ်ပေါက်နေခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags