ဂျီအက်ဖ်အေကို အနိုင်ယူကာ အမှတ်ပေးဇယားကို ရန်ကုန်ယူနိုက်တက် ဆက်လက် ဦးဆောင်

ဂျီအက်ဖ်အေကို အနိုင်ယူကာ အမှတ်ပေးဇယားကို ရန်ကုန်ယူနိုက်တက် ဆက်လက် ဦးဆောင်
(ဓာတ်ပုံ - Yangon United)

ဖေဖော်ဝါရီ ၁၉ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် ၆ ၏ ပွဲစဉ် တစ်ပွဲအဖြစ် ဂျီအက်ဖ်အေ အသင်းနှင့် အမှတ်ပေးဇယား ဦးဆောင်နေသူ ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ရန်ကုန် ယူနိုက်တက်က တိုက်စစ်မှူး အီမီကာ၊ ကွင်းလယ်လူ ဇွန်မိုးအောင်တို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်ကို အထူး ဧည့်သည်တော်အဖြစ် ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက် အားပေး ကြည့်ရှုခဲ့သည်။

ဂျီအက်ဖ်အေ အသင်းတွင် မာ့ခ်၊ အီမန်နျူရယ်၊ အာတန်ဂါ အစရှိသည့် နိုင်ငံခြား ကစားသမား သုံးဦးစလုံး ပါဝင်လာပြီး မိုင်းအိုက်နိုင်၊ စိုးမင်းအောင်၊ ပြုံးချို၊ ထွန်းမင်းစိုး အစရှိသည့် ပုံမှန်ပွဲထွက်နေကျ ကစားသမား အစုံအလင်ဖြင့် ရန်ကုန် ယူနိုက်တက်ကို ရင်ဆိုင်ခဲ့သည်။ ရန်ကုန် ယူနိုက်တက် အနေဖြင့်လည်း အမှတ်ပေးဇယားကို အမှတ်ဖြတ် ဦးဆောင်နိုင်ရန် အတွက် အားစိုက်ခဲ့ပြီး အကောင်းဆုံး လူစာရင်းဖြင့် ဂျီအက်ဖ်အေကို ရင်ဆိုင်ခဲ့သည်။ တိုက်စစ်ပိုင်းကို ကျော်ကိုကို၊ အီမီကာ၊ အီမာဆင်တို့ ဦးဆောင်လာခဲ့ကာ ဇွန်မိုးအောင်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန် အစရှိသဖြင့် လူစုံ ပွဲထွက်ခဲ့သည်ကို တွေ့ရသည်။

ပွဲစဉ် သတ်မှတ်ချက် အရ ဂျီအက်ဖ်အေ အသင်းက အိမ်ရှင်အဖြစ် ဧည့်ခံရခြင်း ဖြစ်သော်လည်း သုဝဏ္ဏကွင်းအတွင်း၌ ဂျီအက်ဖ်အေ အသင်း အနေဖြင့် ရန်ကုန်ယူနိုက်တက်ကို ထိန်းချုပ် ကစားနိုင်ခြင်း မရှိခဲ့ဘဲ ရန်ကုန်ကသာ ပွဲချိန် အများစုကို စိတ်ကြိုက် ထိန်းချုပ် ကစားသွားခဲ့သည်။ ရန်ကုန်ယူနိုက်တက် အနေဖြင့် ပထမပိုင်း ကတည်းက ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ခြင်း ဖြစ်သော်လည်း ဂျီအက်ဖ်အေ ခံစစ်ကြောင်း တားဆီးမှုများ ကောင်းမွန်ခြင်းနှင့် ရန်ကုန်တိုက်စစ် သမားများ အဆုံးသတ်ပိုင်း အားနည်းနေခြင်း များကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဂျီအက်ဖ်အေ အသင်းအနေဖြင့်မူ တစ်ချက်တစ်ချက်မှသာ တန်ပြန်တိုက်စစ်ဖြင့် ရန်ကုန်ဘက်ကို ပြန်လည် ထိုးဖောက် နိုင်ခဲ့သည်။

ရန်ကုန် အနေဖြင့် ပထမပိုင်းတစ်လျှောက်လုံး ဂိုးမရခဲ့သော်လည်း ဒုတိယပိုင်း ပြန်စပြီး မကြာမီမှာပင် လိုအပ်နေသည့် အဖွင့်ဂိုးကို ရရှိခဲ့သည်။ ထိုဂိုးကို တိုက်စစ်မှူး အီမီကာက သူ၏ ၆ ဂိုးမြောက် သွင်းဂိုးအဖြစ် သွင်းယူပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း ရန်ကုန်ကသာ ပွဲကို ထိန်းချုပ် ထားခဲ့ပြီး ပွဲချိန် ၆၇ မိနစ်တွင် ဇွန်မိုးအောင်က ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့သည်။ လက်ကျန် မိနစ်များတွင် ဂျီအက်ဖ်အေ အသင်းအနေဖြင့် ရန်ကုန်ဘက်ကို ပြန်လှန် ထိုးဖောက်မှု လုပ်လာနိုင်ခဲ့ သော်လည်း ရန်ကုန် ခံစစ်ကြောင်းကို ကျော်ဖြတ်နိုင်ခြင်း မရှိသောကြောင့် ပွဲအပြီးတွင် ရန်ကုန်ကသာ အီမီကာ၊ ဇွန်မိုးအောင်တို့ သွင်းယူပေးသည့် သွင်းဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ သို့ဖြစ်ရာ ရန်ကုန် ယူနိုက်တက် အနေဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင် နိုင်ခဲ့ပြီး ဒုတိယနေရာမှ ရှမ်းယူနိုက်တက် အသင်းကို ရမှတ် ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ၏ ပွဲစဉ် ၆ ပွဲစဉ်များကို မနက်ဖြန် ဖေဖော်ဝါရီ ၂၀ တွင်လည်း ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး အောင်ဆန်းကွင်းတွင် ညနေ ၄း၀၀ နာရီ၌ ဇွဲကပင် အသင်းနှင့် နေပြည်တော် အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

Source: Myanmar National League

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly