ကြားဖြတ်ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဘာတွေပြင်ဆင်နေပြီလဲ (နိဂုံးပိုင်း)

ကြားဖြတ်ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဘာတွေပြင်ဆင်နေပြီလဲ (နိဂုံးပိုင်း)

ဆိုတော့ ဆရာခုနကပြောသလိုမျိုးပဲ ကော်မရှင်အပါအဝင် လွှတ်တော်အမတ်တွေရဲ့ အားနည်းချက်ကိုလည်း ထောက်ပြသွားတယ်ပေါ့နော်။ နောက်ပြီးတော့ အခုလက်ရှိ အစိုးရအပေါ်မှာ ပြည်သူတွေအနေနဲ့ အချို့ကိစ္စတွေက သူတို့ကိုယ်တိုင်တင်ထားတဲ့အစိုးရ ဒါပေမယ့် သူတို့ကိုယ်တိုင် အားမရတဲ့အချက်တွေလည်း ရှိနေသေးတယ်။ အဲဒီလိုမျိုး အားမရတာတွေက အခု ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်မှာပါ ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်မလဲ ဆရာ။

ဦးစိုင်းရဲကျော်စွာမြင့်

ကျွန်တော်ထင်ပါတယ်။ ဒီအစိုးရသက်တမ်းက တစ်နှစ်ပဲရှိပါသေးတယ်။ ပုံမှန်အတိုင်းကတော့ ကျွန်တော်တို့  မဲတွေ စွင်းဖြစ်တာကတော့ တစ်နှစ်မှာတော့ ကျွန်တော်တို့ တွေ့ရတာတော့ ကွဲပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ပြောလို့မရဘူးပေါ့လေ။ မဲဆန္ဒနယ် ၁၉ နယ်ပဲရှိတာဆိုတော့ မဲပေးပိုင်ခွင့်ရှိတဲ့သူက နှစ်သန်းရှိတယ်။ ဒါဟာ အင်မတန် အချို့နိုင်ငံရဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ အရေအတွက်လောက်တောင် ရှိတာကို။ ဆိုတော့ ဒီရွေးကောက်ပွဲက ကျွန်တော်တို့ အရေအတွက် နည်းပေမယ့်လည်း အခုအနိုင်ရနေတဲ့ နိုင်ငံရေးပါတီအတွက်လည်း အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှု သူ့ရဲ့ လူကြိုက်များမှုကို သူ ဆက်ထိန်းထားနိုင်မလား မထိန်းထားနိုင်ဘူးလားဆိုတဲ့ မေးခွန်း။

နောက်တစ်ခါ သူဟာ အရင်တစ်ခေါက်တုန်းမှာတုန်းက မဲဆွယ်စည်းရုံးနည်းနဲ့ ရခဲ့တဲ့ အထောက်အပံ့မျိုး ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်တွေ တစ်ဦးချင်းစီ ရပါ့မလားဆိုတာကို အခု အနိုင်ရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉ ဦးမှာ ၁၈ ဦးပေါ့ တစ်ဦးက မပြိုင်ဖြစ်ဘူးဆိုတော့ ၁၈ ဦးက ရနိုင်မယ်လို့ မထင်ဘူး။ အဲဒါဆိုရင် သူတို့အနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို သူတို့ ချပြဖို့ လိုမှာပေါ့လေ။ အဲဒါကတော့ သူတို့အတွက် ကျွန်တော်ထင်တယ် စိန်ခေါ်မှုပဲ။ ဒါကို သူတို့ ၂၀၁၂ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ခဲ့သလိုပဲ ဒီ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ နိုင်ဦးမလား မနိုင်ဘူးလားဆိုတာကလည်း စိန်ခေါ်မှုပဲ။

နောက်တစ်ခါ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအတွက်ကျတော့ ဒါ အရေးကြီးတယ်။ ၂၀၁၅ မှာ သူတို့ ရှုံးနိမ့်ခဲ့တယ်။ သူတို့ရဲ့ တိုင်းရင်းသား နယ်တွေတော်တော်များများမှာတောင် သူတို့ ရှုံးခဲ့တာရှိတာကို။ ဆိုတော့ သူတို့အနေနဲ့ သူတို့ရဲ့ တိုင်းရင်းသားတွေနဲ့ သူတို့ရဲ့ပါတီနဲ့ ပြန်ပြီးတော့ ချိတ်ဆက်ဖို့က ဒါဟာ ကျွန်တော်တို့ ၂၀၂၀ မတိုင်ခင်မှာ အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်လို့ပဲ ယူဆပါတယ်။ ဆိုတော့ မဲဆန္ဒနယ် နည်းပေမယ့်လည်း ကျွန်တော်အနေနဲ့ ပြောမယ်ဆိုရင် နိုင်ငံရေးပါတီကြီးတွေအတွက်လည်း အနိုင်ရနေတဲ့ နိုင်ငံရေးပါတီကြီးအတွက်ရော နောက်ပြီးတော့ တိုင်းရင်းသားပါတီတွေအတွက်ရော ဒါ မဟာဗျူဟာကျတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရပါတယ်။

မဇ္ဈိမ

၂၀၂၀ အတွက်ကရော ဘယ်လိုအလားအလာရှိသလဲ။ ဒီအားနည်းချက်တွေ အားသာချက်တွေအပေါ်မှာ မူတည်ပြီးတော့ ၂၀၂၀ အတွက် အလားအလာကရော ဘယ်လိုရှိသလဲဆရာ။

ဦးစိုင်းရဲကျော်စွာမြင့်

၂၀၂၀ မှာ ကျွန်တော် ခုနကပြောသလိုပဲ တကယ်လို့သာ ကျွန်တော်တို့ ဒီရွေးကောက်ပွဲ ဥပဒေမူဘောင်အတိုင်းပဲ သွားမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲကလည်း ကျွန်တော်တို့ မေးခွန်းထုတ်စရာ အများကြီးရှိတယ်။

ဥပမာဆိုကြပါစို့ ကျွန်တော်တို့ အရေးကြီးတဲ့ဟာဖြစ်တဲ့ ရွေးကောက်ပွဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကပဲ ဥပဒေပြုရမယ်ဆိုရင် အခုဆိုရင် ကျွန်တော်တို့ အခြေခံဥပဒေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေတာ အဲဒါကို လျော့ချဖို့အတွက်ကို ကျွန်တေ်ာတို့ မလုပ်နိုင်သေးတာပေါ့လေ။ အဲဒါက နောက်ထပ် စိန်ခေါ်မှုတစ်ခုပဲ။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ ဒီမဲပေးပိုင်ခွင့်ရှိတဲ့သူ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားအရဆိုရင် ၃၄ သန်းရှိတယ်လို့ပြောတယ်။ ဒါပေမယ့် တကယ်တမ်းပဲ ကျွန်တော်တို့ မဲပေးပိုင်ခွင့်ရှိတဲ့ အရည်အချင်းသတ်မှတ်မှုတွေ အဲဒါတွေကိုလည်း ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှသာလျင် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ဆိုတဲ့ အရေးကြီးတဲ့ ကိစ္စပေါ့လေ။ အဲဒါကိုလည်း ကျွန်တော်တို့ ပြင်ဆင်ဖို့လိုဦးမယ်။

နောက်တစ်ချက်ကကျတော့ တကယ်လို့သာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဒီအတိုင်းထက် ပိုပြီးတော့မှ ကောင်းဖို့ အလားအလာရှိမယ်ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း နိုင်ငံရေးမှာ သူတို့ ပါဝင်မယ်ဆိုရင် ဒါ သူတို့ နိုင်ငံရေးပါတီဖွဲ့မယ်။ ဒါမှမဟုတ်ရင် တခြားနိုင်ငံရေးပါတီမှာ ဝင်ပြိုင်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲက ဒီထက်ပိုပြီးတော့မှ အရေးကြီးသွားပြီ ဒီ ၂၀၂၀ မှာ။

ဆိုတော့ ကျွန်တော်တို့ စဉ်းစားရမှာက ကော်မရှင်အတွက်ရော လက်ရှိအစိုးရအတွက်ရော လွှတ်တော်ကိုယ်စားလှယ်ရော စဉ်းစားရမှာက ဒီရွေးကောက်ပွဲဖြစ်စဉ်မှာက ကျွန်တော်တို့ ခုနကပြောတဲ့ နိုင်ငံရေးအပြောင်းအလဲကို ဘယ်လောက် ကျွန်တော်တို့ လွှမ်းခြုံနိုင်မလဲဆိုတဲ့ဖြစ်စဉ် ဥပမာဆိုကြပါစို့ ကျွန်တော်တို့ အရင်တုန်းကဆိုရင် ရွေးကောက်ပွဲ စနစ်နဲ့ပြောတာတွေရှိတယ်။ ရွေးကောက်ပွဲစနစ်က ကျွန်တော်တို့ အင်အားကြီး ပါတီတွေကိုပဲ ကျွန်တော်တို့ အခွင့်အရေးရစေတယ်။ ပါတီငယ်လေးတွေကကျတော့ အခွင့်အရေး ဆုံးရှုံးစေတယ်။ အဲဒီစဉ်းစားချက်တွေက ပြန်ပေါ်လာဦးမှာပဲ။ ကော်မရှင်အနေနဲ့ရော အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံရေးပါတီအနေနဲ့ရော ၂၀၂၀ မတိုင်ခင်မှာ ရွေးကောက်ပွဲ ဥပဒေကို ကြီးကြီးမားမား ပြောင်းလဲမှု မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲက နောက်ထပ် မေးခွန်းထုတ်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ဦးမှာပါပဲ။

မဇ္ဈိမ

ဟုတ်ကဲ့ပါ၊ အချိန်လေးလည်း နည်းနည်း လင့်လာပြီဆိုတော့ အခုဆွေးနွေးပွဲရဲ့ အနှစ်ချုပ်လေးပေါ့နော် အဲဒါက ဆရာ့အနေနဲ့ ထပ်ပြီးတော့ ဖြည့်စွက်ပြောစရာရှိရင် ထပ်ပြောပေးပါဦးရှင်။

ဦးစိုင်းရဲကျော်စွာမြင့်

ကျွန်တော်တို့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် နည်းတဲ့အတွက်ကြောင့်မို့ စိတ်ဝင်စားမှု နည်းတယ်။ အဲဒါက ကျွန်တော်တို့အတွက် ကျွန်တော် စိတ်ပူနေတဲ့ကိစ္စပဲ။ ဒါကြောင့်မို့ အခု ရွေးကောက်ပွဲ မဲစာရင်းတွေကပ်နေပြီ။ မဲဆန္ဒရှင်တွေအနေနဲ့ သက်ဆိုင်ရာ ကိုယ့်မြို့နယ်တွေ ကိုယ့်ရပ်ကွက်ကျေးရွာတွေမှာ မဲစာရင်းတွေ သွားကြည့်ပြီးတော့မှ မဲစားရင်းတွေ ပြင်ကြဖု့ိ ဒီနေရာကနေပြီးတော့ တိုက်တွန်းချင်တယ်။

နောက်တစ်ခုကကျတော့ ကျွန်တော်တို့ ကော်မရှင်တွေအနေနဲ့ရော နောက်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ရော ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးကို အခုကတည်းကစပြီးတော့ အလေးအနက်ထားပြီးတော့ စဉ်းစားဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်တော် ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။

အင်တာဗျူး အပိုင်း(၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/23665

အင်တာဗျူး အပိုင်း(၂) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/23688

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly