ဆုဖလားနှစ်လုံးအကြောင်းပြောရန် စောလွန်းနေသေးသည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

ဆုဖလားနှစ်လုံးအကြောင်းပြောရန် စောလွန်းနေသေးသည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

ဖေဖော်ဝါရီ ၁၉၊ အင်္ဂလန် ။              ။ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွင် ဝုဗ်အသင်းကို ဝ-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြ ကွန်တီက ၎င်းတို့အသင်း ဆုဖလားနှစ်လုံးရရှိနိုင်သည်ဟု ပြောဆိုရန် အလွန်စောလွန်းနေသေးကြောင်း ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် ချယ်လ်ဆီးအသင်းသည် ပက်ဒရိုနှင့် ကော်စတာတို့၏ သွင်းဂိုးများဖြင့် ဝုဗ်အသင်းကို အနိုင်ရရှိပြီး အက်ဖ်အေဖလားကွာ တားဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

‘ဆုဖလားနှစ်လုံးအကြောင်းကိုပြောဖို့ စောလွန်းနေပါသေးတယ်။ ပြိုင်ပွဲနှစ်ခုစလုံးမှာ အကောင်းဆုံးကြိုးစားသွားမယ်ဆိုတာ ကတော့ သေချာပါတယ်။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အက်ဖ်အေဖလားမှာ ကွာတားကို တက်ရောက်သွားဖြစ်လို့ အလွန်ကျေနပ်မိပါတယ်။ ဒါက ကျွန်တော်တို့ အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတာ ပြသတာပါပဲ’ ဟု ကွန်တီက ပြောသည်။

ထို့အပြင် ကွန်တီက ဝုဗ်ကိုအနိုင်ရခဲ့ခြင်းသည် အရေးပါကြောင်းနှင့် မည်သည့်အရာမှ မလွယ်ကူကြောင်း ဆိုသည်။ ‘ချယ်လ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားကိုရဖို့ သေချာတယ်လို့ တချို့လူတွေက ပြောခဲ့မယ်ဆိုရင် ဒါက အလွန်ခက်တယ်လို့ပဲ ပြောပါရစေ။ ဒီလိုဖြစ်လို့ အရမ်းခက်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ရာသီအဆုံးမှာ ဆုဖလားတွေနဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ထိပ်တန်းအသင်းကောင်းတစ်သင်းမှာ အလုပ်လုပ်ကိုင်ရတာကလဲ အဲ့ဒီအတွက်ပါပဲ။

အခုအချိန်မှာ ကျွန်တော်တို့ဟာ အကောင်းဆုံးအနေအထားမှာ ရောက်နေပါပြီ။ ဒါပေမဲ့ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားသွားရပါဦးမယ်’ ဟု ကွန်တီက ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly