ဘာသာရေးခေါင်းဆောင် မျက်မမြင် အိုမာအက်ဘ်ဒယ်ရာမန် အမေရိကန် အကျဉ်းစခန်း၌ ကွယ်လွန်ခဲ့

ဘာသာရေးခေါင်းဆောင် မျက်မမြင် အိုမာအက်ဘ်ဒယ်ရာမန် အမေရိကန် အကျဉ်းစခန်း၌ ကွယ်လွန်ခဲ့

၁၉၉၃ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အီဂျစ်ပြည်ဖွား ဘာသာရေးခေါင်းဆောင် မျက်မမြင် အိုမာအက်ဘ်ဒယ်ရာမန်သည် ပြီးခဲ့သော စနေနေ့တွင် အမေရိကန်အကျဉ်းစခန်း၌ သဘာဝဖြစ်စဉ်အတိုင်း ကွယ်လွန်ခဲ့သည်ဟု တရားရေးဌာနမှ ပြောခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်၇၈နှစ်ရှိ ပြီဖြစ်သည်။

အက်ဘ်ဒယ်ရာမန်သည် မြောက်ကာရိုလိုင်းနားပြည်နယ် ဘတ်နာမြို့ရှိ အကျဉ်းစခန်းတွင် အကြမ်းဖက်မှု အများ အပြားတွင်ပါဝင် ပတ်သက်ခဲ့သည် ဆိုသော စွဲချက်ဖြင့် တစ်သက်တစ်ကျွန်း   ထောင်ဒဏ်ပြစ်ဒဏ် ချမှတ် ခံခဲ့ရသည်။ သူသည် မသေဆုံးခင်ကတည်းက ဆီးချိုရောဂါနှင့် နှလုံးသွေးကြောရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရသည်ဟု အကျဉ်းဦးစီးဌာနမှ ပြောခဲ့သည်။

သူသည် ၁၉၉၅ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂနှင့် နယူးယောက်ရှိ နေရာများကို ဗုံးဖောက်ခွဲတိုက်ခိုက်ရန် ကြံစည်မှု၊ အီဂျစ်သမ္မတဟောင်း ဟို့စ်နီမူဘာရက်အား လုပ်ကြံရန် ကြံစည်မှုတို့ဖြင့်   ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ဂျီဟတ်ဝါဒီ ဘာသာရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

သူသည် အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းမနေထိုင်ခင်တွင် အီဂျစ်နိုင်ငံမှ ဂါမာအစ္စလမ်မီယာ စစ်သွေးကြွ အဖွဲ့အား ဦးဆောင်ခဲ့သူဖြစ်သည်။

ဒါ့အပြင် သူသည် ၁၉၉၃ခုနှစ်က လူ၆ဦးကို သေဆုံးစေခဲ့ပြီး လူ၁၀၀၀ကို ဒဏ်ရာရစေခဲ့သော နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာအား ဗုံးခွဲတိုက်ခိုက်မှုကို ကျူးလွန်ခဲ့မှုနှင့် အစွန်းရောက် အစ္စလမ်ဘာသာရေးတရား တို့ကို ဟောပြောခဲ့သူဖြစ်သည်။

သူ၏ သားဖြစ်သူ မိုဟာမက်အိုမာက သူ၏ ကွယ်လွန်မှုအား အတည်ပြုခဲ့ပြီး မိသားစုဝင်များသည် ဘာသာရေး ခေါင်းဆောင်ကြီး၏ အလောင်းအား မိခင်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန် အမေရိကန်နှင့် အီဂျစ်အာဏာပိုင်များအား အကြောင်းကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly