လက်စတာအသင်းအတွက် စစ်သည်တော်များနှင့် လူစွမ်းကောင်းများ လိုအပ်ကြောင်း နည်းပြ ရာနီရေရီပြော

လက်စတာအသင်းအတွက် စစ်သည်တော်များနှင့် လူစွမ်းကောင်းများ လိုအပ်ကြောင်း နည်းပြ ရာနီရေရီပြော

ဖေဖော်ဝါရီ ၁၉၊ အင်္ဂလန် ။          ။ အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် လိဂ်-၁ ကလပ် မီလ်ဝေါအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်စတာအသင်းနည်းပြ ရာနီရေရီက ၎င်းတို့အသင်းအတွက် စစ်သည်တော်များနှင့် လူစွမ်းကောင်းများ လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်တွင် တန်းဆင်းဇုန်မှ အသင်းနှင့် ရမှတ်တစ်မှတ်သာ ကွာဟတော့သည့် လက်စတာအသင်းသည် အက်ဖ်အေဖလားတွင်လည်း အသင်းငယ်မီလ်ဝေါကို တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့သော်လည်း ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

‘ကစားသမားတွေနဲ့ နောက်တစ်ကြိမ်လောက် စကားပြောချင်ပါသေးတယ်။ အခုအချိန်မှာ ပွဲစဉ်တိုင်းကို ကျွန်တော်တို့ အစွမ်းကုန်ကြိုးစား ကစားရပါတော့မယ်။

ကျွန်တော့်တို့အတွက် စစ်သည်တော်လို ကစားသမားတွေ လိုအပ်ပါတယ်။ လူစွမ်းကောင်းလို ကစားသမားတွေ လိုအပ်ပါတယ်။ မီလ်ဝေါအသင်းဟာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် အဲ့ဒီ ၁၀ ယောက်စလုံးက သူတို့ လူစွမ်းကောင်းတွေ ဆိုတာကို ပြသသွားခဲ့ပါတယ်’ ဟု ရာနီရေရီက ပြောသည်။

လက်စတာအသင်းသည် လာမည့်ကြားရက်တွင် ဆီဗီလာအသင်းနှင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်ကို အဝေးကွင်းတွင် သွားရောက် ကစားရမည်ဖြစ်ပြီး ထို့နောက်တွင် ပရီးမီးယားလိဂ်၌ လီဗာပူးလ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

လက်စတာအသင်းသည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်၌ အဝေးကွင်းပွဲစဉ် ၁ ပွဲမှ အနိုင်ရရှိခြင်း မရှိသေးပေ။ ယခုနှစ်တွင် လက်စတာအသင်း တန်းဆင်းခဲ့ရပါက ၁၉၈၃ ခုနှစ်က မန်စီးတီးအသင်းပြီးနောက် တန်းဆင်းရသည့် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly