အများပိုင်စနစ်ထက် ကိုယ်ရကိုယ်ယူစနစ်ကိုသာ ကြိုက်သည်ဟု ယာဉ်ပိုင်ရှင်အချို့က ဆို

အများပိုင်စနစ်ထက် ကိုယ်ရကိုယ်ယူစနစ်ကိုသာ ကြိုက်သည်ဟု ယာဉ်ပိုင်ရှင်အချို့က ဆို

ရန်ကုန်  ဖေဖော်ဝါရီ  ၁၈ ။               ။ YBS အများပိုင်ယာဉ်လိုင်းများကို ကြီးကြပ်နေသည့် ကုမ္ပဏီအချို့ကို ယုံကြည်မှုမရှိသည့်အတွက် အများပိုင်စနစ်ထက် ကိုယ်ရကိုယ်ယူစနစ်ကိုသာ ကြိုက်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်က ယာဉ်ပိုင်ရှင်များက တုံ့ပြန်ပြောဆိုလိုက်သည်။

''ကိုယ့်ကားတွေကို ကိုယ့်ဖာသာ လုပ်စားချင်တယ်။ ကိုယ့်ဖာသာ ရပ်တည်ချင်တယ်။ သူတို့ရဲ့စည်းကမ်းချက်တွေကို ကြိုက်တယ်။ ဒါပေမယ့် ကိုယ်ရကိုယ်ယူစနစ်ကိုပဲ ကြိုက်တယ်'' ဟု လက်ရှိ ယာဉ်လိုင်းအမှတ်၂၉ ပိုင်ရှင် ဒေါ်ချောစုမြတ်က ပြောသည်။

ယာဉ်ပိုင်ရှင်များက လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မကွေးပရိယတ္တိစာသင်တိုက်တွင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယင်းနေ့တွင် ပြုလုပ်ခဲ့သေးသည်။

YBS ကားများပြေးဆွဲရာတွင် ရရှိသောငွေကို သက်ဆိုင်ရာအများကုမ္ပဏီများသို့ အပ်နှံရပြီး ယင်းမှတဆင့် အများပိုင်စနစ်ဖြင့် ယာဉ်ပိုင်ရှင်များအား ခွဲဝေပေးခြင်းဖြစ်သည်။ သို့သော် ယာဉ်လိုင်းပိုင်ရှင်များအနေဖြင့် ထိုသို့ ဝေပုံကျစနစ်ဖြင့် အပ်နှံရာတွင် ယာဉ်လိုင်းအချို့မှာ ညီတူညီမျှ အပ်နှံမှု မရှိသောကြောင့် အများပိုင်စနစ်မှ ကိုယ်ရကိုယ်ယူစနစ်သို့သာ ပြောင်းလဲလိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

"စနစ်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီမှာကတော့ မလွယ်ဘူး။ ဝေပုံကျစနစ်ဆိုရင် အစ်ကို ကိုယ်တိုင်ခံရတာ။ YBS နံပါတ် ၁၈ မှာ စဆွဲတယ်။ ပထမဆုံးနေ့မှာတင် ငါးသောင်းကျော်ရတယ်။ ယာဉ်မောင်း က အစ်ကို့ကို ဖုန်းလှမ်းဆက်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အစ်ကိုက အကုန်အပ်လိုက်လို့ ပြောလိုက်တယ်။ သူက ပြန်ပြောတယ်။ သူများတွေက ရှစ်ထောင်၊ တစ်သောင်းပဲ အပ်ကြတာတဲ့" ဟု ယာဉ်လိုင်းပိုင်ရှင် ကိုကျော်မျိုးလွင်က ပြောသည်။

အခြားနိုင်ငံတွေမှာ အများပိုင်စနစ် ကျင့်သုံးသည်မှန်သော်လည်း လက်ရှိအနေအထားတွင် ကျင့်သုံးရန် အခက်အခဲအချို့ ရှိနေကြောင်း ယာဉ်ပိုင်ရှင်အချို့က ဆိုခဲ့ကြပြီး ထို့ပြင် ၁၉၉၅   မော်ဒယ် ယာဉ်လိုင်းတွေများ  ဖျက်သိမ်းလျှင် အက္ခရာအစဉ်လိုက်သာ ဖျက်သိမ်းပေးရန် သက်ဆိုင်ရာသို့ တင်ပြသွားမည် ယာဉ်ပိုင်ရှင်များက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly