အမဲမွှထောင်း ချဉ်ငံစပ်

အမဲမွှထောင်း ချဉ်ငံစပ်

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ နေလေးလည်း နည်းနည်းပူပြင်းလာတော့ ချဉ်ချဉ်ငံငံစပ်စပ်လေးနဲ့ ခံတွင်းလိုက်စေမယ့် အမဲမွှထောင်း ချဉ်ငံစပ်လေး လုပ်စားကြမယ်လေ။ ပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ သံပုရာရည်ရွှဲရွှဲလေးဆမ်းထားတဲ့ အမဲသားမွှထောင်းက ခံတွင်းပျက်သူနေသူတွေအတွက်လည်း ထမင်းမြိန်စေမှာပါ။

အခုလိုအပ်တာလေးတွေ စတင်ပြင်ဆင်ကြရအောင်။

အသားမျှင်လို့ကောင်းတဲ့ အမဲပေါင်သား  ၃၀သား

ငရုတ်သီးစိမ်း  အနည်းငယ်

ပင်စိမ်းရွက် အနည်းငယ်

ကြက်သွန်ဖြူ ၁ ဥ

သံပုရာသီး   ၁ လုံး

ငံပြာရည် အနည်းငယ်

ဆား  အနည်းငယ်

နနွင်း အနည်းငယ် တို့ လိုအပ်ပါတယ်။

ပြီးရင်တော့ အမဲသားကို ဆား၊ နနွင်း၊ ငံပြာရည်နဲ့ နာနာနယ်ပြီး နာရီဝက်ကြာ နှပ်ပြီး ပြုတ်ပါ။ အသားတုံး ရေမြှုပ်အောင်ထည့်ပြီး ၄၅ မိနစ်လောက်ကြာအောင် ပြုတ်ပါ။ အသားနူးမှ အသားမျှင်ရတာ လွယ်မှာမို့ ကြာကြာပြုတ်လေ အဆင်ပြေလေပါပဲ။

ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပင်စိမ်းရွက်နဲ့ ဆား အနည်းငယ်တို့ကို အရင် မညက်တညက်လေး ထောင်းထားပေးပါ။

အသားပြုတ်ထားတာ နူးပြီဆို အသားတုံးကို အအေးခံထားပါ။

အသားတုံး အေးပြီဆိုရင် အသားလေးတွေ မျှင်ထားပေးပါ။ ခပ်သေးသေးမျှင်ပါ။ ဒါမှထောင်းတဲ့အခါ အရသာပိုဝင်ပြီး အရသာပိုရှိမှာပါ။

ပြီးရင်တော့  အသားမျှင်ရယ်၊ ထောင်းထားတဲ့အစာပလာတွေရယ်ကို ငရုတ်ဆုံထဲထည့်ပြီး နှံ့အောင်ထောင်းပေးပါ။

ငရုတ်ဆုံထဲ အသားထောင်းနေတုန်း သံပုရာသီးကို အချဉ်စားနိုင်သလောက် ညှစ်ထည့်ပေးပါ။ အပေါ့အငန် လိုအပ်တာတွေ ဖြည့်ပါ။ အကုန်သမသွားပြီး၊ အသားလေးတွေ မွှပြီး၊ အရသာ အဆင်ပြေပြီဆိုရင်တော့ အမဲမွှထောင်းချဉ်ငံစပ်လေး ရပါပြီ။

နေပူပူကို အန်တုရင်း ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းတဲ့ အမဲမွှထောင်းချဉ်ငံစပ်လေး ရပါပြီ။ ထမင်းနဲ့ပဲ စားစား၊ ရေနွေးလေးနဲ့ပဲ အစာပြေစားစား၊ ညအခါ အမြည်းလေးပဲလုပ်လုပ်၊ တစ်မယ်ထဲနဲ့ ပြည့်စုံတဲ့ အမဲမွှထောင်းလေးပါ။ အမဲမစားသူတွေဆိုလဲ ဆိတ်သား၊ ဝက်သား ကြိုက်နှစ်သက်ရာအသားနဲ့ အခုလိုလုပ်စားလို့ရပါတယ်။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly