စည်ကားသိုက်မြိုက်လှတဲ့ ယနေ့ ဟင်္သာတမြို့( အပိုင်း ၁ )

18 February 2017
စည်ကားသိုက်မြိုက်လှတဲ့ ယနေ့ ဟင်္သာတမြို့( အပိုင်း ၁ )

ဟင်္သာတမြို့ဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိပြီးတော့ အောက်ဘက်မြန်မာနိုင်ငံမှာ အရောင်းအဝယ်စည်ကားတဲ့ မြို့ပါ။ ပြီးတော့ ကုန်စည်စီးဆင်းမှုနဲ့ ကူးသန်းရောင်းဝယ်မှုအတွက် အရေးပါတဲ့ ဧရာဝတီမြစ်ဆိပ်မြို့လည်း ဖြစ်ပါတယ်။

ကုန်သွယ်မှု စည်ကားဖွံ့ဖြိုးတယ်ဆိုတာကလည်း မြို့နဲ့အနီးဝန်းကျင်မှာရှိတဲ့ဒေသတွေကနေ ကုန်ပစ္စည်းအထွက်ကောင်းတာရယ်၊ သယ်ယူပို့ဆောင်ရေးနဲ့ ကူးသန်းသွားလာရေးတွေအတွက်  ရေလမ်း ကုန်းလမ်း နှစ်မျိုးစလုံးက အဆင်ပြေလာတာရယ်ကြောင့် ဖြစ်ပါတယ်။

ဒီမြို့မှာရှိတဲ့ ဆိပ်ကမ်းသာပွဲရုံတန်းဟာ အရင် နှစ် ၂၀ လောက်ကတည်းက စတင်တည်ထောင်ခဲ့တာလို့ သိရပါတယ်။ ဟင်္သာတမြို့ ရွာနီးချုပ်စပ်ဒေသ ကုန်စည်များ ရောင်းဝယ်ဖလှယ်ရာ ပွဲရုံတစ်ခုပါပဲ။ အဲဒီအချိန်တွေ မတိုင်ခင်တုန်းကတော့ ဒီပွဲရုံးတန်းအရှေ့ဘက်မှာရှိတဲ့ ကျွန်းပေါ်မှာပဲ နွေရာသီဆိုရင် ယာယီတဲထိုးပြီး အရောင်းအဝယ်လုပ်ကြပါတယ်။ မိုးရာသီဆိုရင်တော့ ကုန်းပေါ်ကိုပြောင်းရွှေ့   ရောင်းဝယ်ခဲ့ကြပါတယ်။

၁၉၉၆ ခုနှစ်က ဒီပွဲရုံတန်းကိုတည်ဆောက်ခဲ့ပြီးအချိန်မှာတော့ သုံးရာသီစလုံး ဒီမှာပဲ အလုပ်လုပ်ကိုင်ရောင်းဝယ်ကြတာ ဒီကနေ့အထိပါပဲ။ အဲဒီအချိန်တုန်းကတော့ လမ်းပမ်းဆက်သွယ်ရေး အထူးတလည် မဖွံ့ဖြိုးသေးတာကြောင့် ဒီဆိပ်ကမ်းကို အမှီပြုပြီးတော့ပဲ စီးပွားရေးလုပ်ကိုင်ကြတာပါ။

ဦးမြင့်သိန်းဦး

ဒေသခံ စီးပွားရေးလုပ်ငန်းရှင်

ကျွန်တော်တို့ ဒီဧရာဝတီမြစ်က နွေ မိုး ဆောင်း ရှိတဲ့အထဲမှာ အခုလို မိုးရာသီရှိတဲ့အခါ ဒီဘက် ကျွန်တွေမှာ ရေလွှမ်းသွားတယ်ဗျ။ ရေလွှမ်းသွားလို့ရှိရင် နုံးတင်မြေနုခေါ်တာပေါ့၊ ဒီ ရေလည်းပြန်ကျသွားရော ကျွန်းပေါ်မှာ ဒီ မြေနုက တင်ကျန်ခဲ့တယ်။ အဲဒါ ဒီအပေါ်မှာ ထွန်ယက်စိုက်ပျိုးတော့ မြေဆီမြေသြစာဖြစ်တာပေါ့။ နောက် နွေရာသီမှာ ပျောင်းစိုက်မယ်ဆိုပြီး ဧရာဝတီမြစ်ရေကို တင်ပြီး ပျောင်းစိုက်မယ်ဆိုရင်လည်း ပုံမှန် မြေသြစာကျွေးပြီးစိုက်ရင် တစ်ဧကကို ၁၂၀ အထိ ထွက်တယ်။

အခု ၂၀၀၀ ခုနှစ်နောက်ပိုင်းကြတော့ တံတားတွေကလည်းကောင်းသွားတယ်၊ လမ်းပန်းဆက်သွယ်ရေးကလည်းကောင်းသွားလို့ ကုန်းလမ်းပေါ့၊ မော်တော်ကားနဲ့ သယ်ယူတဲ့အစီစဉ်ကို ပိုပြီးတော့လုပ်လာကြပါတယ်။ ရေလမ်းခရီးက အထူးသဖြင့် ပခုက္ကူနဲ့ မန္တလေးကိုတင်တဲ့ ဆန်အိတ်၊ ပြီးတော့ ပလောပီနံပေါ့။ အဲဒါလောက်ပဲ တင်ပါတော့တယ်။ ကျန်တာကတော့ ရန်ကုန်ကိုတော့ အဓိက မော်တော်ကားနဲ့သွားကြတာ များပါတယ်။

မဇ္ဈိမ

စောစောကပြောတဲ့ ဆိပ်ကမ်းသာပွဲရုံတန်းမှာ ဘယ်လိုကုန်စည်စီးဆင်းမှုတွေရှိတယ်၊ ပြီးတော့ ဘယ်ဒေသ ဘယ်ကျေးရွာတွေကနေ ဒီကို ကုန်သွယ်ရောင်းဝယ်ကြသလဲဆိုတာလေး သိချင်ပါတယ်ခင်ဗျာ။

ဦးမြင့်သိန်းဦး

ဒေသခံ စီးပွားရေးလုပ်ငန်းရှင်

ကျွန်တော်တို့ ဒီ ဟင်္သာတဆိပ်ကမ်းကို ဧရာဝတီမြစ်ဘေးတလျောက်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်၊ ဒီဘက်မှာဆို ဟင်္သတာခရိုင်ပါမယ်၊ ဟိုဘက်ကမ်းဆို လက်ပန်းတန်းမြို့နယ်ပါမယ်။ မိုးညိုမြို့နယ်ပါမယ်။ အဲဒီရွာတွေက စက်လှေတွေနဲ့ လာပြီး ဒေသထွက်ကုန် ကိုင်းသီးနှံတွေ လာရောင်းပါတယ်။ နောက် ဒီကနေပြီး လူအသုံးအဆောင်ပစ္စည်းတွေ ပြန်ဝယ်သွားကြပါတယ်။ ဟင်္သာတက ခရိုင်မြို့ကြီးဖြစ်ပြီး လာရသွားရတာလည်းလွယ်တော့ တခြားနေရာတွေထက် ဈေးနှုန်းသက်သာတဲ့ ဈေးကွက်ပေါ့။

မဇ္ဈိမ

ဟင်္သတမြို့ဟာ မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးမြို့တွေထဲက တမြို့အပါအဝင်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးထဲက လူဦးရေထူထပ်တဲ့မြို့လည်းဖြစ်ပါတယ်။ ၂၀၁၄ ခု ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရဆိုရင် မြို့နေလူဦးရေ ခုနှစ်သောင်းခွဲနဲ့ ကျေးလက်ဒေသနေ လူဦးရေ နှစ်သိန်းခွဲကျော် ရှိပါတယ်။ စီးပွားရေး ကုန်စည်ပို့ဆောင်ရေးအားကောင်းလာတဲ့မြို့ဖြစ်ပြီးတော့ ကိုင်း၊ လယ်ယာ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေလည်း အားကောင်းတဲ့မြို့ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲက ကားလမ်းဆုံဆည်းရာ၊ ရေလမ်းကြောင်းဆုံဆည်းရာ မြို့ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် ဆန်စပါးထွက်ရှိရာဒေသဖြစ်သလို ကိုင်းထွက်ပစ္စည်းတွေဖြစ်တဲ့ ပဲ၊ ပြောင်း၊ ငရုတ်၊ ကြက်သွန် စတဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေကလည်း နာမည်ကျော်ပါတယ်။

ဟင်္သာတ ဦးမြင့်ငွေ

ဒေသခံ

ဟိုတုန်းကတည်းက ဟင်္သာတငရုတ်သီးဆိုရင် နာမည်ကြီးပေါ့။ ဟင်္သာငရုတ်ဈေး ဘယ်ဈေးရှိတယ်ဆိုတာ ရေဒီယိုကနေ ကြေညာတာ။ ဟင်္သတာဆန် ဟသာၤတကြက်သွန် ဘယ်ဈေးရှိတယ်ဆိုတာ ဟိုတုန်းက ရေဒီကနေ ဈေးနှုန်တွေကြေညာရတယ်လေ။

မဇ္ဈိမ

အကိုတို့ လုပ်ငန်းရှင်အနေနဲ့ကော ဒေသခံတစ်ဦးအနေနဲ့ကော ပြုပြင်ပြောင်းလဲစေချင်တဲ့ အချက်တွေကော၊ အာနည်းချက်တွေအနေနဲ့ကော ပြောပြပေးပါလားခင်ဗျ။

ဦးမြင့်သိန်းဦး

ဒေသခံ စီးပွားရေးလုပ်ငန်းရှင်

ကျွန်တော်တို့ ဟင်္သတမှာ အဓိကအားဖြင့် ကုန်းလမ်းမှာ အဓိကထားအသုံးပြုတယ်။ အမှန်တကယ်တော့ လမ်းကောင်းဖို့ အဓိကပါပဲ။ လမ်းက အခု ဇလွန်နဲ့ ဓနုဖြူကြားမှာ မိုင် ၂၀ ဝန်းကျင်လောက်က လမ်း တော်တော်လေးအားနည်းတာ တွေ့ရပါတယ်။ နောက် ရေလမ်းခရီး အသုံးပြုတဲ့အခါမှာလည်း ကျွန်တော်တို့ပွဲရုံတန်းဟာ ၁၂ လရာသီဖြစ်သော်လည်း တစ်နှစ်ကို နှစ်လလောက်က ဥပမာ နွေရာသီကနေ မိုးကိုကူးတဲ့ စပ်ကူးမတ်ကူးကာလပေါ့၊ လေးလပိုင်း ငါးလပိုင်းမှာ မိုးရွာပြီဆိုရင် မော်တော်ကားတွေ လမ်းတွေက သဘောၤရောက်အောင် ဖေါက်လို့မရဘူး။ အဲဒီတချိန်။ ပြီးတော့ ရေတက်ပြီးတော့ ပြန်ကျသွားရင်လည်း နုံးတင်မြေနုဖြစ်ပြီးတော့ လမ်းတွေဗွက်ပေါက်ပြီးတော့ တစ်နှစ်မှာ တစ်လကျော် နှစ်လလောက်တော့ အခက်အခဲရှိပါတယ်။ ကမ်းကပ်လို့ရသည့်တိုင်အောင် ကမ်းကနေ ကမ်းပေါ်ကို တက်ဖို့တင်ဖို့ ကားရပ်ပြီးတင်ဖို့က နုံးတွေကြောင့် မရနိုင်ဘူးဖြစ်တယ်။ ဒီတော့ ခရီးသွားပြည်သူကော ကုန်တင်ကုန်ချလုပ်ငန်းကော အခက်အခဲဖြစ်ပါတယ်။

မဇ္ဈိမ

စိုက်ပျိုးရေးထွက်ကုန်တွေကို အမှီပြုပြီး ကုန်စည်စီးဆင်းနေတဲ့ ဟင်္သတမြို့က လယ်ယာကိုင်းကျွန်းလုပ်ကိုင်နေသူတွေနဲ့ ကုန်သည်တွေ အများဆုံး နေထိုင်ကျက်စားရာဒေသဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့ ဒုတိယခရိုင်မြို့တစ်မြို့ဖြစ်ပြီး အင်္ဂလိပ်အစိုးရလက်ထက်တုန်းက မြူနီစပယ်အဖွဲ့ အစောဆုံးတည်ထောင်ခဲ့တဲ့ မြို့ကြီးခုနှစ်မြို့ထဲမှာ တစ်မြို့အပါအဝင်လည်းဖြစ်ပါတယ်။

ဝင်ငွေကောင်းတဲ့ လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်နိုင်တာကြောင့်လည်း ဟင်္သာတမြို့က စည်ကားတာလည်းဖြစ်ပါတယ်။ ဟင်္သာတမြို့ပတ်ဝန်းကျင်မှာ လက်ပန်းတန်း၊ မိုးညို အစရှိတဲ့မြို့နယ်တွေရှိပေမယ့် ဖွံ့ဖြိုးမှုအပိုင်းမှာ ဟင်္သတာမြို့လောက် မဖွံံ့ဖြိုးကြတာကြောင့် ဒီကိုပဲ အားထားနေရတာဖြစ်ပါတယ်။

ဆိပ်ကမ်းသာပွဲရုံတန်းရဲ့အခြေအနေကိုလည်း မေးကြည့်ပါသေးတယ်။ ပွဲရုံ ဘယ်နှစ်ရုံလောက်ရှိသလဲ။ ဘယ်သူတွေ ပါဝင်ပတ်နေသလဲ။ လူဦးရေ ဘယ်လောက် မှီခိုနေရသလဲ။ ဒီပွဲရုံတန်းဟာ ဟင်္သာတတစ်မြို့လုံးရဲ့စီးပွားရေးမှာ ဘယ်လိုအခြေအနေ ဘယ်လိုနေရာကနေ ပါဝင်ပတ်သက်နေသလဲဆိုတာကိုလည်းမေးကြည့်ပါတယ်။

အပိုင်း ၂ သို့ ဆက်လက် ဖတ်ရှုပါရန်….။

Mizzima Weekly