ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် အန်ဂျလီနာဂျိုလီနှင့်အတူ စီရော်နယ်ဒိုသရုပ်ဆောင်မည်

ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် အန်ဂျလီနာဂျိုလီနှင့်အတူ စီရော်နယ်ဒိုသရုပ်ဆောင်မည်

ဖေဖော်ဝါရီ ၁၈၊ မက်ဒရစ်။               ။ ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် စီရော်နယ်ဒိုသည် ပြည်တွင်းစစ်ကြောင့်ဒုက္ခသည်ဖြစ်ခဲ့ရသည့် ဆီးရီးယန်းမိသားစုတစ်စုအကြောင်း ရိုက်ကူးထားသည့် တူရကီရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် နာမည်ကျော်ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီနှင့်အတူပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

Hayat Koprusu ဟုအမည်ရသော ယင်းဇာတ်လမ်းတွဲကို တူရကီ၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိကတို့တွင် ပြသသွားမည်ဖြစ်သည်။

ဆီးရီးယားနယ်စပ်အနီး တူရကီအရှေ့တောင်ပိုင်းတွင်ရိုက်ကူးမည်ဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်အဖြစ် ပြည်တွင်းစစ်ပွဲမှ လွတ်မြောက်လာသော ဆီးရီးယန်းမိသားစု တစ်စုအကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခြင်းဖြစ်သည်။

“ဧပြီပထမပတ်မှာ စရိုက်မှာပါ။ ဇာတ်လမ်းကတော့ ဒုက္ခသည်မိသားစုတစ်စုအကြောင်းကိုဇာတ်အိမ်တည်ထားပြီး သူတို့ ဘယ်လို ဒုက္ခတွေကြုံတွေ့ရလဲ ဆိုတာကိုပါ။

တစ်ကမ္ဘာလုံးက အမျိုးသမီး၊ အမျိုးသားသရုပ်ဆောင်တွေ ပါဝင်ကြမှာဖြစ်ပြီး စီရော်နယ်ဒို၊ အန်ဂျလီနာဂျိုလီနဲ့ နန်စီယန်တို့လဲ ပါပါတယ်”ဟု ဒါရိုက်တာ အီယွတ်ပ် ဒေလစ်က တာ့ကစ်ရှ်ဖွတ်ဘောသို့ပြောသည်။

စီရော်နယ်ဒိုသည်တူရကီတွင်စီးပွားရေးရင်းနှီးမြှုပ်နှံမှုများရှိပြီး ၂၀၁၁ ခုနှစ်က အစ္စတန်ဘူလ်တွင် တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ယီလ်ဒီရင် ဒီမီယာရိုရန်နှင့်ပူးပေါင်းကာ   ဈေးဝယ်စင်တာတစ်ခုဖွင့်လှစ်ခဲ့သည်။

စီရော်နယ်ဒိုသည် ဗုဒ္ဓဟူးနေ့က ဘာနေဗျူးတွင် နာပိုလီကို ၃-၁ ဂိုးဖြင့်အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်း အတွက် မိနစ် ၉၀ ပြည့်ဝင်ရောက်ကစားခဲ့ပြီး ရွိုင်ယန်ဂစ်၏ ချန်ပီယံလိဂ်ဂိုးဖန်တီးမှုမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့သည်။

အသင်းဖော်တိုနီခရူးစ်ဂိုးသွင်းနိုင်အောင်ဖန်တီးပေးခဲ့သည့် စီရော်နယ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ရွိုင်ယန်ဂစ်ကိုကျော်ကာ ဂိုးဖန်တီးမှု ၃၁ ကြိမ်ဖြင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့ သည်။

Ref; Daily Mail
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly